“အိမ်မှာချည်းပဲ မနေချင်ဘူး”

အာဏာပိုင်များက ရန်ကုန်မြို့အနှံ့ သိုသိုသိပ်သိပ် ဖွင့်နေကြသော လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်ခန်းငယ်များနှင့် စားသောက်ဆိုင်ကြီးများအတွက် တားမြစ်ကန့်သတ်ချက်များကို လျှော့ချရန် စီစဉ်ဆောင်ရွက်လာသည်။

ရဲမွန် ရေးသားသည်။

မြန်မာနိုင်ငံ၏ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၈၂ ယောက်၏ ၈၀ ရာခိုင်နှုန်းသည် ရန်ကုန်မြို့မှဖြစ်ပြီး မြို့တော်သည် နှစ်လတာ တားမြစ်ကန့်သတ်ချက်များကြားမှ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ်လာနေရာ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို မကြာမီ တရားဝင်ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုတော့မည်ဖြစ်သည်။

စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များသည် တိုင်းဒေသကြီးအစိုးရအမိန့်ဖြင့် မတ်လကုန်ခါနီးကစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ကန့်သတ်ခံထားရသည်။

အစကနဦးတွင် အမိန့်မလိုက်နာမှုများရှိခဲ့သော်လည်း တားမြစ်ချက်ကြောင့် လုပ်ငန်းများသည် စီးပွားရေးအရ တွက်ခြေမကိုက်တော့ဘဲ အများစုမှာ ပိတ်ပစ်ခဲ့ရပြီး အလုပ်သမားထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မေလ ၁၃ ရက် အွန်လိုင်းအစည်းအဝေးတွင် ရန်ကုန်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်ဖွင့်ခွင့်ပေးရန် အကြံပြုပြောကြားရာ ဆိုင်များပြန်လည်ဖွင့်လှစ်ရန် ပထမဆုံး ရောင်ခြည်သန်းလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အကြံဉာဏ်များပေးပြီး အစည်းအဝေးတွင်ပါဝင်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့အား ဆိုင်များကို ဘေးကင်းစွာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များချမှတ်ရန်၊ ၎င်းလမ်းညွှန်ချက်များကို ကိုဗစ် ၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေး ဗဟိုကော်မတီသို့ တင်ပြရန် ပြောကြားခဲ့သည်။

အစိုးရ၏ ကိုဗစ် ၁၉ တိုက်ဖျက်ရေး ထိရောက်မှုကို ဆွေးနွေးသော ယင်းအစည်းအဝေးတွင် ဒုတိယမြို့တော်ဝန်အပြင် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဗိုလ်တထောင် မှ လွှတ်တော်အမတ်များလည်း ပါဝင်သည်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မေလ ၁၄ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့က လမ်းညွှန်ချက်များကို မကြာမီ အပြီးသတ်မည်ဖြစ်ပြီး တိုင်းဒေသကြီး ကိုဗစ် ၁၉ ကော်မတီသို့ တင်ပြကာ ယင်းမှနေ၍ ဗဟိုကော်မတီသို့ ပေးပို့မည်ဖြစ်ကြောင်းပြောသည်။

အစိုးရက ပြန်ဖွင့်ပေးရာတွင် နိုက်ကလပ်များ၊ ကာရာအိုကေခန်းများ၊ ဘီယာဆိုင်များ ပါဝင်မည်တော့မဟုတ်ပေ။

“ဆိုင်ထိုင်စနစ်ကို ခွင့်ပြုမပြုကတော့ ရန်ကုန်စည်ပင်သာယာရေးကော်မတီက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

“မေလ ၁၃ ရက် အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြို့တော်ဝန်တို့ ဆွေးနွေးတာတွေကိုပါ ထည့်သွင်းစဉ်းစားမှာဖြစ်တယ်။

“အဆင်သင့်ဖြစ်ရင် ဆုံးဖြတ်ချက်ကို ကြေညာပါ့မယ်” ဟု ၎င်းက Frontier ကိုပြောသည်။ ဝန်ကြီးက ပါဝင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိကိုတော့ မပြောကြားခဲ့ပေ။

စည်းမျည်းစည်းကမ်းများကို တိတိကျကျလိုက်နာပြီး လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးဆိုင်ငယ်များနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ကို ခွင့်ပြုပေးရန် အဆိုပြုချက်ကို အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က အဆိုပြုခဲ့ခြင်းဖြစ်သည်။

“လူတွေက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ထိုင်ရင်း စိတ်ဖိစီးမှုတွေလျှော့ချချင်ကြတယ်၊ ပိုင်ရှင်တွေကလည်း ဝင်ငွေမရလို့ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်၊ ဒါတွေက ကျွန်တော် အဆိုပြုရတဲ့အကြောင်းတွေပဲ” ဟု ဦးအောင်လှိုင်ဝင်းကပြောသည်။

“နေရာချထားဖို့ ခွင့်ပြုမယ့် ခုံအရေအတွက်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ပေးမယ့် လမ်းညွှန်ချက်ပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ လမ်းညွှန်ချက်တွေကို မလိုက်နာဘူးဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို ပထမအကြိမ် ဖောက်ဖျက်ရင် ဒဏ်ကြေးနဲ့ သတိပေးမှာဖြစ်ပြီး နောက်တစ်ကြိမ် ဖောက်ဖျက်ရင် လုပ်ငန်းလိုင်စင်သိမ်းခံရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်က စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ အန္တရာယ်ကင်းစွာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အကယ်၍ ဤအဆိုပြုချက်ကြောင့် ကိုဗစ် ၁၉ ဖြစ်ပွားသူများ ပိုများလာခဲ့ပါက တာဝန်ယူပါကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဤကိစ္စနှင့်ပတ်သက်၍ စိတ်အားထက်သန်မှု အတော်ပင်နည်းပုံရသည်။

ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက မေ ၁၄ ရက်တွင် Frontier ကို ဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော အကြံပြုချက်များနှင့်အညီ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ခွင့်ပြုရေးအတွက် ကိုဗစ် ၁၉ ဗဟိုကော်မတီသို့ လမ်းညွှန်ချက်များ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းများ၊ တွေ့ကြုံရမည့်အခက်အခဲများနှင့် စားသုံးသူများက လိုက်နာမှုရှိမရှိကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။

လမ်းညွှန်ချက်များအရ စားပွဲများသည် အနည်းဆုံး ၆ ပေ (၁ ဒသမ ၈ မီတာ) အကွာရှိရမည်ဖြစ်ပြီး စားသုံးသူများသည် စားသောက်နေစဉ်အတွင်း နှာခေါင်းစည်းများတပ်ဆင်မထားနိုင်သည့်အတွက် အကာအရံများနှင့် ပိုင်းခြားထားရမည်ဖြစ်သည်။

ကိုဗစ် ၁၉ ရောဂါနှင့်ပတ်သက်ပြီး သိရှိမှုကိုဆန်းစစ်နိုင်ရန် ဝန်ကြီးဌာနက ဆောင်ရွက်သော ဆန်းစစ်ကောက်ယူချက်များအရ စိုးရိမ်ရသည့် နောက်ဆက်တွဲ အကျိုးဆက်များမဖြစ်ပေါ်စေရန် ယင်းအစီအမံများကို အရေးတကြီး ထည့်သွင်းလုပ်ဆောင်ရမည်ဖြစ်သည်။

မတ်လ ၃ ရက်မှ ၂၀ ရက်နေ့အထိ လုပ်ဆောင်ခဲ့သော ယင်းစစ်တမ်းသည် အောင်မင်္ဂလာနှင့် ဒဂုံဧရာ အဝေးပြေးကားဂိတ်များ၊ လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီ စားသောက်ကုန်လုပ်ငန်း၏ မားမားအသင့်စား ခေါက်ဆွဲစက်ရုံ နှင့် Delicious Food (One Tea) စက်ရုံ၊ ပဲခူးမြို့ရှိ ရပ်ကွက် ၄ ခုတို့မှ လူပေါင်း ၅၉၇ ဦးကို မေးခွန်းများမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဖြေကြားသူ ၂၇ ရာခိုင်နှုန်းကသာလျှင် ကိုဗစ် ၁၉ ဖြစ်ရခြင်းအကြောင်းရင်းကို သိရှိကြပြီး ၆၇ ရာခိုင်နှုန်းမှာ လူအများခပ်ခွာခွာနေခြင်း (social distancing) နှင့် အခြားသက်ဆိုင်သော တားမြစ်ချက်များသည် ကိုဗစ် ၁၉ ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အကျိုးထိရောက်ဆုံးနည်းလမ်းများ ဖြစ်သည်ကို လက်မခံခဲ့ကြပေ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် (အင်န်အယ်လ်ဒီ၊ အင်းစိန် ၂) က အကယ်၍ ကိုဗစ် ၁၉ ဗဟိုကော်မတီက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအတွက် တားမြစ်မိန့်များကို ဖြေလျှော့ပေးရေး အဆိုပြုချက်ကို လက်ခံခဲ့ပါက အမိန့်လိုက်နာဆောင်ရွက်မှုအတွက် တာဝန်ရှိသူများက တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် လိုအပ်ကြောင်းဆိုပါသည်။

“စားသုံးသူတွေနဲ့ ပိုင်ရှင်တွေက စည်းကမ်းချက်တွေကို လိုက်နာရင်တော့ တာဝန်ရှိသူတွေအတွက် အခက်အခဲ မဖြစ်တော့ဘူးပေါ့။ ကျွန်တော်တို့ရဲ့ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှာ စိုးရိမ်နေမှုတွေကို လျော့ပါးသက်သာစေမှာပါ” ဟု ဦးဝေဖြိုးဟန်ကဆိုသည်။

သိုသိုသိပ်သိပ် ဝန်ဆောင်မှုများ

အမိန့်လိုက်နာရာတွင် စိန်ခေါ်မှုများကို ဖော်ပြရလျှင် ပြီးခဲ့သည့် သီတင်းပတ်များက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အချို့၌ ဆိုင်တွင်ထိုင်၍စားသုံးနိုင်ရန် သိုသိုသိပ်သိပ် ဝန်ဆောင်မှုပေးလာကြပြီး လမ်းဘေးစားသောက်ဆိုင်ငယ်များသည်လည်း ပလက်ဖောင်းပေါ်တွင် စားပွဲများချကာ ရောင်းချလာကြသည်ကို တွေ့ရသည်။

မေ ၁၂ နှင့် ၁၃ တွင် ဗိုလ်တထောင်၊ ကျောက်တံတား၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်သာယာ၊ အင်းစိန် စသဖြင့် ရန်ကုန်အနှံ့အပြားရှိ လက်ဖက်ရည်ဆိုင်တို့တွင် စားသုံးသူများထိုင်၍ စားသောက်နေကြသည်ကို Frontier က တွေ့ရှိရသည်။

အချို့နေရာများရှိ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ပိတ်ထားသည်ဟု ထင်မြင်ယူဆနိုင်ရန် ဝင်ပေါက်တွင် စားပွဲခုံများနှင့်ပိတ်ထားပြီး အတွင်း၌မူ စားသုံးသူများထိုင်နေကြသည်ကို တွေ့ရသည်။

သို့သော် အချို့နေရာများ၌မူ စားသုံးသူများကို ဆိုင်ရှေ့လမ်းပေါ်တွင် ထင်သာမြင်သာစွာ စားပွဲများနှင့် ထိုင်နေကြသည်ကို တွေ့နိုင်သည်။

Frontier က တွေ့ဆုံခဲ့သော လက်ဖက်ရည်ဆိုင်ပိုင်ရှင် ၄ ဦးကတော့ တစုံတရာပြောဆိုရန် ငြင်းဆန်ခဲ့သည်။ တစ်ဦးကမူ သူ့အနေနှင့် စားသုံးသူများအားလက်မခံမီ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နားလည်မှုနှင့် ခွင့်ပြုပေးခဲ့ကြောင်းဆိုသည်။

“ဆိုင်ထိုင် ရောင်းချခွင့်ပြုဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော် ညှိနှိုင်းခဲ့တယ်”

“စားသုံးသူတွေက ပါဆယ် မယူချင်ဘူးဆိုရင် ဆိုင်ထိုင်ရောင်းချဖို့နဲ့ လူအများကြီးတော့ မဖြစ်သင့်ဘူးလို့ အုပ်ချုပ်ရေးမှူးကပြောတယ်၊ အများဆုံး စားပွဲ ၃ ခု ၄ ခုလောက်ပဲ” ဟု ဆိုင်ပိုင်ရှင်တစ်ဦးကပြောပြပြီး လာဘ်ထိုးတာမျိုးလည်း မရှိခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။

မေ ၁၃ ရက် အွန်လိုင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သတင်းများ ပျံ့နှံ့လာပြီးနောက် လက်ဖက်ရည်ဆိုင်တချို့က သိုသိုသိပ်သိပ်လုပ်နေကြသော ဆိုင်ထိုင်ဝန်ဆောင်မှုများကို ပြန်၍ပိတ်ပစ်ခဲ့သည်။

“အခုက ကျွန်တော်တို့ တရားဝင် ပြန်ဖွင့်ခွင့်ရတော့မယ့်ပုံပဲ။ အဲဒါကြောင့် ဒီလိုလုပ်နေတာတွေ မိသွားမှာစိုးလို့” ဟု ဗဟန်းမြို့နယ်မှ ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“အခုနေ ကျွန်တော်တို့ဒီလိုလုပ်နေတာတွေ မိသွားရင် တားမြစ်မိန့်တွေ အမှန်တကယ် ဖြေလျှော့ပေးတဲ့အခါ ပြန်ဖွင့်ခွင့်မရ ဖြစ်သွားမှာပေါ့”

ကမာရွတ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ လက်ဖက်ရည်ဆိုင်များတွင် လူဦးရေ အကန့်အသတ်နှင့် ဆိုင်ထိုင်ဝန်ဆောင်မှုလုပ်နေခြင်းကို ရပ်ပစ်လိုပုံမရပေ။

“လူတွေက အပြင်ထွက်ပြီး ခဏတဖြုတ် လက်ဖက်ရည်ဆိုင်ထိုင်ချင်ကြတယ်။ ဘယ်သူမှ အိမ်မှာ အကြာကြီးမနေချင်ကြဘူး၊ အပြင်ထွက် စိတ်အပန်းဖြေချင်ကြတယ်လေ” ဟု သူကဆိုသည်။

“ဒါကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တချို့က ကျွန်တော်နဲ့လာဆွေးနွေးတော့ သူတို့ကို လူဦးရေနည်းနည်းနဲ့ သိုသိုသိပ်သိပ်လုပ်ဖို့ အကြံပေးခဲ့တယ်”

မေ ၁၃ တွင် Frontier မှ လှိုင်သာယာ၌ သွားရောက်သတင်းယူရာတွင် စားသုံးသူများသည် စားပွဲများ၌ထိုင်လျက် စားသောက်နေကြပြီး မသိမသာ ဝန်ဆောင်မှုပေးနေသော လက်ဖက်ရည်ဆိုင်များစွာကို တွေ့ခဲ့ရသည်။

လှိုင်သာယာ လက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက မြို့နယ်တွင် မည်သည့်လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များကိုမျှ ဆိုင်ထိုင်ဝန်ဆောင်မှု ခွင့်ပြုမထားကြောင်း ဆိုသည်။

တချို့လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များသည် တိတ်တဆိတ် လုပ်ဆောင်နေကြသည်ကို သိရှိကြောင်း၊ သို့သော် မည်သည့်ဆိုင်များဆိုသည်ကို မသိရကြောင်း သူကဆိုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို စောင့်ကြပ်ကြည့်ရှုဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေး ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ တားမြစ်ထားတာတွေ ရှိနေသေးတာကြောင့် ဆိုင်ထိုင်စနစ်ကိုတော့ သူတို့က ခွင့်ပြုပေးလို့မရပါဘူး “ ဟုဆိုသည်။

တောင်ဥက္ကလာမြို့နယ်နေ ကိုရှိုင်းအောင်မြင့်က သူတို့မြို့နယ်ရှိ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ကို ပုန်းလျှိုးကွယ်လျှိုး လုပ်နေကြကြောင်း၊ အာဏာပိုင်များက ဆိုင်ပိုင်ရှင်များကို အရေးယူမယူကိုတော့ သူမသိကြောင်း ဆိုပါသည်။

“အာဏာပိုင်တွေက ဒီကိစ္စတွေဟာ ကိုဗစ် ၁၉ ပျံ့နှံ့ခြင်းကို ကာကွယ်တားဆီးရာမှာ သိပ်အရေးမကြီးပါဘူးလို့ ယူဆနေပုံပဲ။ ခင်ဗျားလက်ဖက်ရည်သောက်ချင်ရင် အဲလိုဆိုင်တွေမှာ ထိုင်လို့ရတယ်၊ တာဝန်ရှိသူတွေက ဘာမှအရေးယူမှာ မဟုတ်ဘူး” ဟု သူကပြောသည်။

သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံးကတော့ လက်ဖက်ရည်ဆိုင်များ တိတ်တဆိတ်ပြန်ဖွင့်နေခြင်းကို ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်နေသည်တော့မဟုတ်ပေ။

(တစ်နိုင်ငံလုံးရှိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၈၂ ဦးအနက်မှ) လူနာ ၁၉ ဦးနေထိုင်သော အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးထွန်းငွေ က လူအများက စည်းကမ်းချိုးဖောက်သော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို အားမပေးသင့်ကြောင်း မေ ၁၂ ရက်တွင် Frontier ကို ပြောကြားသည်။

“ကျွန်တော့်ရပ်ကွက်ထဲမှာတော့ လက်ဖက်ရည်ဆိုင်တွေ မဖွင့်အောင် သေချာစောင့်ကြည့်တယ်။ ပိုင်ရှင်တွေကလည်း ဝင်ငွေမရကြတော့ ပူပန်နေကြတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ဖို့တော့လိုတယ်။ အစိုးရကလည်း သူတို့အကျပ်အတည်းတွေကို ထည့်စဉ်းစားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ဦးထွန်းငွေ ကပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar