ရန်ကုန်၊ မေ ၁၅
မေ ၉ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖမ်းဆီးရန် ဝရမ်းထုတ်ခံထားရသူ ခုနစ်ဦးထဲမှ နှစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
အနည်းဆုံး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြယာကုန်းဖြစ်စဉ်မှာ မျိုးချစ်အမည်ခံထားသူတွေက မူဆလင်တွေကို ပစ်မှတ်ထား လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ မေ ၉ ရက်နေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က သေနတ်နှစ်ချက် ပစ်ဖောက် တားဆီးခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တင်ထွဋ္ဋ်ဇော် (ခေါ်) ကိုလတ်၊ မအောင်အောင်မြင့် (ခေါ်)မအောင်၊ တင်လင်းထိုက် (ခေါ်)လင်းလင်း၊ အကြီးကောင် (ခေါ်) တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်နှင့် သံဃာတော် ဦးသုစိတ္တ၊ ဦးပညာဝံသတို့ကို ရဲတပ်ဖွဲ့က မေ ၁၁ ရက်နေ့မှာ ပုဒ်မ ၅၀၅(ဂ)/၃၄ နဲ့ အမှုဖွင့်ခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
အဲဒီနောက် ကိုလတ်နဲ့ မအောင်တို့ကို အဲဒီနေ့ ညပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ မေ ၁၂ ရက်နေ့မှာ မင်္ဂလာတောင်ညွန့်တရားရုံးကို ရုံးထုတ် ရမန်ယူခဲ့ပါတယ်။
ဝရမ်းထုတ်ခံထားရပြီး ရဲတပ်ဖွဲ့က ရှာဖွေနေတဲ့ ကျန်ငါးဦးထဲက မျိုးချစ်သွေးဓမ္မကွန်ရက် ဥက္ကဋ္ဌဆိုသူ တင်လင်းထိုက်နဲ့ အတွင်းရေးမှူးဆိုသူ တင်ဌေးအောင်တို့ဟာ စစ်ဆေးမှုခံယူဖို့ ယနေ့ မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့ထံ သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို ရဲအင်အားများစွာ စောင့်ကြပ်လိုက်ပါပြီး ယနေ့ညနေ ၄ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့် တရားရုံးသို့ ခေါ်ဆောင်လာတာ တွေ့ခဲ့ရပါတယ်။
ယနေ့ညနေပိုင်းအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ မြယာကုန်းမတည်ငြိမ်မှုနဲ့ ပတ်သက်ပြီး ဝရမ်းထုတ်ခံထားရတဲ့ သံသယရှိသူ ခုနစ်ဦးအနက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ပါတယ်။
ကျန်သုံးဦးဖြစ်တဲ့ မြတ်ဘုန်းမိုရ်၊ ဦးသုစိတ္တနဲ့ ဦးပညာဝံသတို့ကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း-ထွန်းခိုင်