ဒုက္ခသည်ပြန်ပို့ရေး နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရနှင့် နိုင်ငံတကာအဖွဲ့များကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် အပြစ်တင်

ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ် နှောင့်နှေးနေမှုအတွက် မြန်မာအစိုးရနှင့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများကို ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ပြစ်တင်ဝေဖန်လိုက်သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ပဋိပက္ခများနှင့် စစ်တပ်၏နှိမ်နင်းမှုများကြောင့် လူပေါင်းသိန်းနှင့်ချီကာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြောကြားချက်အရ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၇၄၀,၀၀၀ ခန့် ခိုလှုံနေကြသည်ဟုဆိုသည်။

ထွက်ပြေးသွားကြသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့အကြား သဘောတူညီချက်ရရှိပြီးဖြစ်သော်လည်း ဒုက္ခသည်တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း မရှိသေးပေ။ ၎င်းတို့က မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုံခြုံရေးအတွက် အာမခံချက်ပေးရန်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးမှသာ ပြန်လာကြမည်ဟု အစဉ်တစ်စိုက် ပြောကြားနေကြသည်။

“ဒီပြဿနာက မြန်မာနိုင်ငံပေါ်မှာပဲ တည်မှီနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရိုဟင်ဂျာတွေကို ဘယ်လိုနည်းနဲ့မှ ပြန်လက်မခံလိုတာကြောင့် ဖြစ်ပါတယ်” ဟု ဇွန် ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ရေးသားထားသည်။

ထို့ပြင် နယ်စပ်ခရိုင်ဖြစ်သည့် ကော့ဘဇာရှိ ဒုက္ခသည်စခန်းများတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများကိုလည်း ၎င်းက ဝေဖန်လိုက်သည်။ ဒုက္ခသည်များအား အတင်းအကြပ် ပြန်ပို့ခြင်းမပြုရန် နိုင်ငံတကာအေဂျင်စီများက ကန့်ကွက်နေကြသည်။ နိုင်ငံတကာအေဂျင်စီများအနေဖြင့် အကြပ်အတည်း ပြီးဆုံးသွားရေးအတွက် စိတ်ဝင်စားမှုမရှိဟု ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျွန်မအခုမြင်တဲ့ ပြဿနာကတော့ ကော့ဘဇာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ စေတနာအလျောက်၊ ဒါမှမဟုတ် အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာအေဂျင်စီတွေက ဒုက္ခသည်တွေကို ဘယ်တော့မှ ပြန်မသွားစေချင်ကြပါဘူး” ဟု ၎င်းကပြောသည်။

“အခြေခံပြဿနာက အဲဒီမှာရှိနေတာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့လိမ့်မည်မဟုတ်ဟု ဘင်္ဂလားဒေရှ့်အစိုးရက ပြောကြားထားသည်။ သို့သော် ဒုက္ခသည်များ နေရပ်ပြန်ရေးအား ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ကျဉ်းကြပ်နေသည့်စခန်းများထဲတွင် ပြုလုပ်ရန် စီစဉ်သူများအား စုံစမ်းစစ်ဆေးရန် ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

“ဒီလှုပ်ရှားမှုကို ဘယ်သူက ဆွပေးတာတာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် ဘင်္ဂလားလားပင်လယ်အော်အတွင်းရှိ ရေနစ်မြုပ်လေ့ရှိသည့် ကျွန်းပေါ်သို့ ဒုက္ခသည်များအား ရွှေ့ပြောင်းနေရာချထားမည့်အစီအစဉ်အား ကန့်ကွက်နေမှုများကိုလည်း ရှိတ်ဟာစီနာက ဝေဖန်ခဲ့သည်။

“ဘာရှန်ချားမှာ အရမ်းလှပတဲ့အိမ်တွေနဲ့ အဆောက်အအုံတွေကို အစိုးရက တည်ဆောက်ပေးထားပေမယ့် ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးပေးနေသူက အပြင်းအထန် ကန့်ကွက်နေကြတယ်” ဟု ၎င်းကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.