၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ကျင်းပမည့်ရက် အတည်ပြုသတ်မှတ်

နေပြည်တော်

သုံးလကျော်ကြာ ရွှေ့ဆိုင်းထားရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို နေပြည်တော်မှာ မေ ၂၄ ရက်ကစပြီး ကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ သဘောတူလိုက်ကြပါတယ်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဧပြီ ၂၄ ရက်က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

“အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံး စုံစုံညီညီ တက်ရောက်နိုင်ပြီးတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့ တက်နိုင်တဲ့ရက်က ၂၄၊ မနက်ပိုင်းမှာ အကြိတ်အနယ် ဆွေးနွေးပြီးတော့ သဘောတူလိုက်တယ်ပေါ့” လို့ Pa-Oh People’s Liberation Organization (PNLO) ရဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ဒီတစ်ပတ်(ဒုတိယပင်လုံ)တော့ အဝတ်အစား လာပြတဲ့ပုံမျိုးမဟုတ်ဘဲနဲ့ အကြိတ်အနယ်ဆွေးနွေး ညှိနှိုင်းပြီးတော့ နိုင်ငံရေးဆုံးဖြတ်ချက်ရလဒ်တစ်ခု ထွက်တဲ့အထိ လုပ်မှာဖြစ်တဲ့အတွက် ဒါကြောင့် ငါးရက်တော့ လုပ်မယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အပစ်ရပ်စာချုပ်လက်မှတ်ထိုး မထားတဲ့အဖွဲ့တွေ တက်ရောက်ခွင့်နဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ခွန်ဥက္ကာက မီဒီယာတွေကို ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ “အားလုံးပါဝင်မှ ငြိမ်းချမ်းရေးဆိုတာရနိုင်မှာပါ။ အားလုံးကလည်းပဲ ကိုယ့်ဘက်ကနေ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးထင်တဲ့ အတွေးအခေါ်အမြင်တွေ တင်ပြလိမ့်မယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဒီအစည်းအဝေးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း တက်ရောက်ခဲ့ပြီး အပစ်ရပ်စာချုပ် (NCA)ဟာ တိုင်းရင်းသားတွေကို လက်နက်ချခိုင်းတာမဟုတ်ဘူး ဆိုတဲ့အကြောင်း အခိုင်အမာ ပြောသွားပါတယ်။

“NCAလက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းတယ်လို့ နားလည်မှု လွဲနေတာရှိပါတယ်။ ဒါတွေကို နားမလည်သေးတဲ့ အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင်ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ ကျွန်တော်တို့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကား တဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်းပဲ တိုက်တွန်းပေးစေကြောင်း ပြောလိုပါတယ်”လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုပါတယ်။

ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရဆိုရင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေပဲ လာမယ့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အစည်းအဝေး တက်ရောက်ခွင့်ရှိသူအဖြစ် ပါဝင် ဆွေးနွေး၊ ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဖက်က လက်မှတ်မထိုးရသေးသူတွေ NCA မှာပါဝင်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဖို့ မျှော်မှန်းနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံကြီးကို ထာဝရငြိမ်းချမ်းပြီး ဒီမိုကရေစီပန်းတိုင်အရောက် အမြန်ဆုံးချီတက်နိုင်ဖို့ရာ ဒီကနေ့အချိန်ဟာ အင်မတန်အရေးကြီးတဲ့ကာလဖြစ်တယ်လို့ ပြောသွားပါတယ်။

“ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်။ ဒါလေးကို အားလုံးမှတ်ယူပြီးတော့မှ ကျွန်မတို့ရဲ့ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးအောင်မြင်အောင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ရလာဒ်နဲ့ ကြိုးစားတည်ဆောက်သွားပါ” လို့ သူ့ရဲ့ နိဂုံးချုပ်စကားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar