စစ်ဌာနချုပ်နယ်မြေ ၅ ခု၌ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမှုကို တပ်မတော်က သက်တမ်း ၂ လတိုး

ရဲမွန်

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တပ်မတော်၏ လေးလအကြာ အပစ်အခတ်ရပ်စဲထားမှုမှာ ဧပြီ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ တောင်းဆိုမှုကြောင့် သက်တမ်းနှစ်လ တိုးမြှင့်ပေးလိုက်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Frontier ကို အတည်ပြုသည်။

အပစ်အခတ်ရပ်စဲရေးကာလကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၂၁ ရက်မှ ဧပြီ ၃၀ ရက်အထိ တပ်မတော်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခုသက်တမ်းတိုးမြှင့်လိုက်သည့်ကာလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို ချုပ်ဆိုနိုင်သည်အထိ တပ်မတော်ဘက်က ကြိုးပမ်းသွားမည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“မူဆယ်ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြားကာလမှာ NCA ထိုးနိုင်ဖို့အတွက် အရှိန်အဟုန်မြှင့်ပြီး လုပ်သွားမှာပါ”ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဦးတည်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဟု ဖော်ပြထားသည်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည့် နယ်မြေများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံတိုင်းရင်းသားများဒီမိုကရေစီမဟာမိတ် (ကိုးကန့်) အဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဧပြီ ၃၀ ရက်နေ့တွင် ၃ နာရီကြာ တွေ့ဆုံ ဆွးနွေးခဲ့ကြသည်ဟု အစိုးရကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်ခဲ့သည့် ဦးလှမောင်ရွှေက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။ ထို့ပြင် မေလတတိယအပတ်တွင် ထပ်မံတွေ့ဆုံကြရန်လည်း သဘောတူခဲ့သည်ဟု ရေးသားထားသည်။

ဆွေးနွေးပွဲရလဒ်များနှင့်ပတ်သက်ပြီး နှစ်ဖက်ကိုယ်စားလှယ်များကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက အပစ်အရပ်ကာလ တိုးမြှင့်လိုက်ခြင်းသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင်သာဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွက်လည်း လိုအပ်သည်ဟု ပြောကြားသည်။

“အဓိကလိုအပ်နေတာ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထပ်ညှိနှိုင်းဖို့လိုတယ်။ ထပ်တိုးလိုက်တာကလည်း အေအေနဲ့ ထပ်ညှိနှိုင်းမယ်ဆိုတဲ့ အပြုသဘောဆောင်တာကို တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar