၂၁ ပင်လုံလမ်းကြောင်းမှ UNFC မဖယ်ခွာ၊ NCA ထိုးနိုင်ရေး အစိုးရနှင့်ဆက်ညှိနေ

နေပြည်တော်၊ မတ် ၂

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ သွေဖီသွားဖို့မရှိဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ ဆက်လက် ညှိနှိုင်းသွားမယ်လို့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ခူဦးရယ်က Frontier ကို ပြောပါတယ်။

“ဒီနေ့အထိရပ်တည်ချက်ကတော့ NCA လမ်းကြောင်းပဲ၊ ဘယ်ပေါ်မှာ အခြေခံလည်းဆိုတဲ့ အဆိုပြုချက် ရှစ်ချက်ကို အခြေခံပါတယ်။ အဲဒီအတိုင်း ရပ်တည်ဆဲဖြစ်ပါတယ်။ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် အပြောင်းအလဲမရှိမချင်း အဖွဲ့ဝင်အားလုံးရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲရှိပါတယ်။ ဒါအဖွဲ့ဝင်တိုင်းက လိုက်နာရမယ့် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော် ပန်ခန်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ပြုလုပ်ခဲ့ပြီး UNFC ဖက်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ ရှမ်းပြည်တပ်မတော်(SSA)တို့ ပါဝင်တက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးရဲ့ ကြေညာချက်မှာ တရားမျှတမှုရှိတဲ့ အပစ်ရပ်စာချုပ်နဲ့ NCAကို အစားထိုးဖို့ဆိုတဲ့ အချက် ပါဝင်နေတာကြောင့် UNFC ရဲ့ လက်ရှိ ရပ်တည်ချက်ကို သိလိုကြောင်း Frontier က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ခူဦးရယ်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတ် ၁ ရက်နေ့က တွေ့ဆုံအပြီး ညပိုင်းမှာ သင်္ဂဟဟိုတယ်၌ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေကြားခဲ့တာပါ။

UNFC ရဲ့အမြဲတမ်းအဖွဲ့ဝင်အဖြစ် လက်ရှိရပ်တည်နေတာကတော့ KIA၊ SSA ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရက္ခိုင့် တပ်မတော် (AA)တို့ဖြစ်ပြီး တစ်ဖွဲ့မှ NCA မှာ လက်မှတ်မထိုးရသေးပါဘူး။

ခူဦးရယ်ကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပွဲဟာ ပွင့်ပွင့်လင်းလင်းရှိတဲ့အကြောင်း UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)ကို ဦးဆောင်လာတဲ့ ခူဦးရယ်က မီဒီယာတို့ကို အသိပေးခဲ့ပါသေးတယ်။ NCA လက်မှတ်ရေးထိုးနိုင်ဖို့ UNFC က အဆိုပြုထားတဲ့ အချက်ကိုးချက်အကြောင်းကို အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

UNFC ဖက်ကတော့ NCA စာချုပ်ချုပ်ပြီး ၂၄ နာရီအတွင်း တစ်နိုင်ငံလုံး အပစ်ရပ်စဲကြောင်း အစိုးရနဲ့ တပ်မတော်ဖက်က ကြေညာဖို့၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်စတဲ့ အစုအဖွဲ့သုံးခုဖြင့်သာ သုံးပွင့်ဆိုင် ဆွေးနွေးဖို့၊ ၂၁ ရာစုပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ဆုံးဖြတ်ချက်များကို အခြေခံပြီး အခြေခံဥပဒေပြင်ဖို့ စတာတွေကို တောင်းဆိုထားတာပါ။

ဒါ့အပြင် နှစ်ဖက်လိုက်နာရမယ့် တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်နဲ့ တပ်နေရာ ချထားရေးတို့ကို ကြိုတင် သဘောတူညီမှုယူရန်၊ အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် နိုင်ငံတကာကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန်၊ မပြေလည်မှုများ ပေါ်ပေါက်ပါက နှစ်ဖက်ဘောတူသော နိုင်ငံတကာ ဥပဒေပညာရှင်နှင့် တရားသူကြီးများပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ အဆုံးအဖြတ်ယူရန်၊ အပစ်ရပ်ဒေသအတွင်း အကျိုးသက်ရောက်မှုကြီးမားတဲ့ စီမံကိန်းများ ဖော်ဆောင်ရန်ရှိလျှင်ဖြစ်စေ၊ နိုင်ငံတကာ အကူအညီများ ရယူရန်ဖြစ်စေ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ညှိနှိုင်း သဘောတူညီမှုယူရန်နဲ့ ဒီအချက်တွေသဘောတူပြီးတာနဲ့ NCA လက်မှတ်ရေးထိုးရန် တို့လည်း ပါဝင်ပါတယ်။

“ဒီဟာကို ကြေလည်ခြင်းမရှိသေးလို့ ကျွန်တော်တို့အနေနဲ့ ဆက်လက်ညှိနှိုင်းအဖြေရှာချင်တယ်။ NCA ကိုလည်း ပိုမိုခိုင်မာတဲ့စာချုပ်ဖြစ်အောင် ဖြည့်စွက်သဘောတူညီမှုအနေနဲ့ ရရှိဖို့ ညှိနှိုင်းဆွေးနွေးနေတာ ဖြစ်ပါတယ်”လို့ ခူဦးရယ်က ပြောပါတယ်။

NCA လက်မှတ်ထိုး မထိုးဆိုတာကတော့ ညှိနှိုင်းနေတဲ့ ကိစ္စတွေထဲမှာ ချက်ခြင်းသဘောတူနိုင်တဲ့ အချက်တွေရှိသလို ရှေ့ဆက်ညှိနှိုင်းဆောင်ရွက်ရဦးမယ့် အချက်တွေလည်း ပါဝင်နေတာကြောင့် တစ်ဖြည်းဖြည်း နီးစပ်သွားမယ်လို့ ယုံကြည်ကြောင်း သူကဆိုပါတယ်။

အခက်အခဲဖြစ်နေတဲ့အချက်တွေကိုပြောပါလို့ မီဒီယာတစ်ခုကမေးမြန်းရာမှာတော့ “တစ်ခါတည်း သဘောတူ လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ယုံကြည်နိုင်လောက်တဲ့အဖြေကို အနေအထားကို တပ်မတော်ဘက်က မဖန်တီးပေးနိုင်တာကလည်း အခက်အခဲတစ်ခုလို့ မြင်ပါတယ်”လို့ ခူဦးရယ်က ဆိုခဲ့ပြီး တိုက်ပွဲတွေ ဖြစ်နေသေးတာကလည်း NCA မထိုးနိုင်သေးတဲ့ အကြောင်းတစ်ရပ် အဖြစ်ရှိနေတယ်လို့ သူကထောက်ပြပါ တယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဖက်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးပေမယ့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက NCA လက်မှတ်ထိုးလိုက်ရင်ပြီးပြီပဲလို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပြုပါတယ်။

“တပ်မတော်ဖက်ကနေ အပစ်အခတ်ရပ်စဲရေး ဦးစွာလုပ်ပေးပါလို့ တောင်းဆိုချက်ပေ့ါ။ NCA ဆိုတာ အပစ်အခတ် ရပ်စဲရေးစာချုပ်ပဲ။ NCA လက်မှတ်ထိုးလိုက်ရင် ဒါပြီးနေတဲ့ကိစ္စပဲ။ ဒါကိုသဘောတူတဲ့အတွက် အဖွဲ့ရှစ်ဖွဲ့ကလည်း လက်မှတ်ထိုးပြီးသွားပြီ။ သူတို့အနေနဲ့ ဒါမေးစရာမဟုတ်ဘူးလို့ မြင်ပါတယ်”လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောခဲ့တာပါ။

UNFC ဖက်ကတော့ NCA လက်မှတ်ထိုးဖို့ဆိုတာမှာ တောင်းဆိုထားတဲ့အချက်တွေအပြင် TNLA နဲ့ AA ကိုပါဝင်ခွင့်ပေးဖို့ကိုလည်း ဆန္ဒရှိတယ်လို့ ပြောပါတယ်။ “UNFC ထဲက အဖွဲ့အနည်းငယ်ကျန်ရှိနေတဲ့ အခါကျတော့ သူတို့ကိုလည်း မကျန်စေချင်ဘူး။ သူတို့ကလည်း အရေးပါတယ်၊ ကျွန်တော်တို့နဲ့ ဘဝတူတွေဖြစ်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ဖြစ်စဉ်မှာ ပါဝင်ခွင့်ရှိတယ်” လို့ ခူဦးရယ်က ဆိုတယ်။

ဒါနဲ့ပတ်သက်ပြီးတော့လည်း အစိုးရဖက်က သီးခြား မှတ်ချက်ပြုတာမျိုးမရှိသေးပေမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ မှတ်ချက်ကတော့ ဒီအဖွဲ့တွေဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ်လာတဲ့အဖွဲ့တွေဖြစ်တယ် ဆိုတာပါပဲ။

အစိုးရဖက်ကတော့ ကျန်ရှိနေတဲ့အဖွဲ့တွေ NCA မှာလက်မှတ်ထိုးပြီး လာမယ့်တစ်လလောက်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ပါဝင်တက်ရောက်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ထားပါတယ်။ UNFC နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ လာမယ့် ရက်ပိုင်းအတွင်း ထပ်တွေ့ကာ NCA လက်မှတ်ထိုးဖို့ကိစ္စတွေ ညှိနှိုင်းဖို့ စီစဉ်ထားတာလည်းရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုမှာတော့ NCA လက်မှတ်ထိုးရေးဖို့ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့ UNFC ကို ၂၁ ရာစု ပင်လုံတက်ဖို့ ဖိတ်ကြားခြင်းမရှိသေးသလို ညီလာခံနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဆွေးနွေးတာမျိုးလည်း မလုပ်ခဲ့ဘူးလို့ ခူဦးရယ်က ပြောထားပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရဖက်ကတော့ ပုံမှန်သတင်းထုတ်ပြန်မှုသာ ပြုလုပ်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar