ရခိုင်တိုက်ခိုက်မှုတွင် မုဆိုးမ ဖြစ်သွားရသူက ငြိမ်းချမ်းရေးအတွက် အသနားခံ

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြင့် ဒုက္ခပင်လယ်ဝေနေချိန်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များ၏ နောက်ဆုံး တိုက်ခိုက်မှုအတွင်း မုဆိုးမဖြစ်သွားရသူ အမျိုးသမီးတစ်ဦးက စစ်တပ်နှင့် ရခိုင်နှစ်ဘက်လုံးက လက်နက်များ ဘေးချပြီး စေ့စပ်ဆွေးနွေးပြောဆိုကြရန် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်သည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က နယ်မြေရှင်းလင်းမှုများ၌ ရိုဟင်ဂျာမူဆလင် ၇ သိန်းကျော် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားစေခဲ့သောနေရာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကြောင့် မတည်မငြိမ်ဖြစ်နေသော ပြည်နယ်ဖြစ်သည်။ ယခုအခါ ရခိုင်ဗုဒ္ဓဘာသာဝင်များကို ကိုယ်စားပြုပါသည်ဆိုသော Arakan Army (အေအေ) အဖွဲ့ကို စစ်တပ်က ရင်ဆိုင်တိုက်ခိုက်နေသည်။ စစ်တပ်က ရိုဟင်ဂျာများကို မောင်းထုတ်စဉ်က ဗုဒ္ဓဘာသာဝင်ရခိုင်များက စစ်တပ်ကို အကူအညီပေးခဲ့ကြသည်ဟု စွပ်စွဲမှုများလည်းရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်တွင် အေအေသူပုန်တို့ကို ထောက်ခံသူ ရခိုင်တိုင်းရင်းသားများရှိနေသည်ဟု သိရှိရသည်။

စနေနေ့ (မတ် ၉ ရက်နေ့) ညက ပစ်သံခတ်သံများကြားရသောအခါ မဦးခင်တို့ မိသားစုလည်း ကြောက်ရွံ့၍ မြေကြီးပေါ် ဝပ်နေခဲ့ကြသည်။ ထိုညက အေအေတို့၏ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။

သေဆုံးသွားသူ ၉ ဦးထဲတွင် သူ့ခင်ပွန်းဖြစ်သူလည်း ပါဝင်သွားကြောင်း မဦးခင်တစ်ယောက် နောက်မှသိရှိခဲ့ရသည်။ သူ့ယောကျ်ား၏ အလောင်းကို ပလတ်စတစ်စဖြင့် ဖုံးထားသည်ကို တွေ့ခဲ့ရသည်။ မဦးခင်မှာ အသက် ၄၂ နှစ်အရွယ်တွင် မုဆိုးမဖြစ်ခဲ့ရသည်။ ဖြစ်သလိုဆောက်ထားသော ယိုးတရုတ်ရဲစခန်းဝန်းအတွင်း မြေကြီးပေါ်၌ သွေးအိုင်ကွက်များကို တွေ့မြင်နေရဆဲဖြစ်သည်။ မုဆိုးမ ဒေါ်ဦးခင်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အေအေနှစ်ဘက်လုံးကို တိုက်ခိုက်မှုများရပ်စဲပြီး စေ့စပ်ဆွေးနွေး ပြောဆိုကြပါရန် တိုက်တွန်းလိုက်သည်။

“နှစ်ဘက်လုံးကို စေ့စပ်ဆွေးနွေးကြဖို့ ကျွန်မပြောချင်ပါတယ် နောက်ထပ်ဘယ်သူမှ အသက်ဆုံးရှုံးတာ မမြင်ပါရစေနဲ့တော့” ဟု မဦးခင်က AFP ကို ပြောသည်။

“အေအေတွက သူတို့လူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြတယ်။ ရဲတွေကလည်း နိုင်ငံ့တာဝန် ထမ်းနေရတဲ့သူတွေပဲ” ဟု ၎င်းကပြောသည်။

အေအေအဖွဲ့သည် ၂၀၀၉ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ တိုးချဲ့လာခဲ့ရာ ယခုအချိန်တွင် တပ်သားသစ် ၂,၀၀၀၊ ၃,၀၀၀ ခန့် ရှိနေပြီဟု ယူဆရသည်။ ဇန်နဝါရီလအစောပိုင်းက ရဲစခန်း ၄ ခုကို တိုက်ခိုက်ရာတွင် ရဲဝန်ထမ်း ၁၃ ဦး ကျဆုံးခဲ့ရပြီးနောက် စစ်တပ်က တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ရခိုင်မြောက်ပိုင်း အေအေစခန်းများနှင့် ဆန့်ကျင်ဖက်တွင် မြန်မာစစ်တပ်က တပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ တပ်ဖြန့်ချထားပြီး အမြှောက်ကြီးများကိုလည်း အသုံးပြုလျက်ရှိသည်။

ထိုဒေသကို တင်းကြပ်စွာပိတ်ဆို့ထားရာ သတင်းအချက်အလက်များကို လွတ်လပ်စွာစစ်ဆေးရန် အလွန်ခက်ခဲလျက်ရှိသည်။ လူထောင်ပေါင်းများစွာမှာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေကြရသည်။ ချောင်းမြောင်းသတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများရှိနေသဖြင့် ပြည်နယ်တစ်လွှား လုံခြုံမှုမရှိဖြစ်နေရသည်။

နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံနေရသော လူသိများသည့် ရခိုင်နိုင်ငံရေးသမားတစ်ဦးကို လာမည့် ရက်သတ္တပတ်ထဲတွင် စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။ ထိုကိစ္စသည်လည်း နောက်ထပ်မီးပွားတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။

ဗမာလူများစုကို လက်နက်စွဲကိုင်တော်လှန်ကြရန် ရခိုင်လူထုအား သွေးထိုးလှုံ့ဆော်သော မိန့်ခွန်းတစ်ခုကို ယမန်နှစ်က ပြောဆိုခဲ့မှုဖြင့် ဒေါက်တာအေးမောင်ကို ဖမ်းဆီးတရားစွဲထားခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar