ဧဝရတ်မှသည် တောင်တက်အားကစား ဖွံ့ဖြိုးရေးဆီသို့

တောင်တက်သမားများ၏ အမြင့်ဆုံးနှင့် နောက်ဆုံးအိပ်မက်မှာ ဧဝရတ်တောင်ထိပ်ပေါ် ရောက်ရှိရေးဖြစ်ကြောင်း တောင်တက်သမားများအကြား ဆိုရိုးစကား ရှိခဲ့သော်လည်း မြန်မာတောင်တက်သမားများအတွက်မူ ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိခဲ့မှုက သူတို့ အိပ်မက်၏ အစပင်ရှိသေးသည်

ထွန်းခိုင် ရေးသားသည်။

ရေခဲများဖုံးလွှမ်းနေပြီး ၉၀ ဒီဂရီနီးပါး မတ်စောက်သည့် ကျောက်တောင်ပေါ်တွင် တွဲလဲခိုတက်နေရင်း ကိုဝင်းကိုကိုတယောက် ခေတ္တမျှ အမောဖြေနေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကို တွဲထားသည့် အသက်ကယ်ကြိုး ပြုတ်သွားပါက အသက်ပျောက်သွားမည်ဆိုသည့် အတွေးဖြင့် ကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကိုင်ရင်း  အောက်ဆီဂျင် လွန်စွာနည်းပါးနေသည့် တောင်ပေါ် လေကို ရှူရှိုက်လိုက်သည်။

သူရောက်နေခဲ့သည့်နေရာက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်သို့သွားရာ မီတာ ၈,၀၀၀ အမြင့်တွင်ရှိနေသည့် Camp 4 South Col မှ တောင်ထိပ်သို့ တက်သည့် လမ်းခရီးတနေရာတွင် ဖြစ်သည်။ ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ကြသည့် တောင်တက်သမားများအတွက် စခန်း-၄ (Camp 4) သည် တောင်ထိပ်မရောက်မီ နောက်ဆုံး စခန်းဖြစ်သည်။ အောက်စီဂျင်ပါးလွှာပြီး အန္တရာယ်များလှသောကြောင့် ထိုနေရာကို တောင်တက်သမားများအကြားတွင် သေမင်းတမန်ဇုန် (Death Zone) ဟု တင်စားခေါ်ဝေါ်ကြသည်။

“အခက်ခဲဆုံးအချိန်တွေတုန်းက ကျွန်တော်ပြုံးမိတယ်။ ငါတော့ လုပ်မိပြန်ပြီပေါ့။ ဒါပေမဲ့ ငါစမိတော့ အဆုံး သတ်ရတော့မယ်ပေ့ါ”ဟု ကိုဝင်းကိုကိုက ထိုစဉ်ကသူ၏ ခံစားချက်ကို ပြန်ပြောင်းပြောပြသည်။

၁၁ နာရီနီးပါးကြာ ခရီးကြမ်းကို အပြင်းနှင်ရင်း မေ ၁၉ ရက်၊ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲခန့်တွင် ကိုဝင်းကိုကိုတယောက် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။ သူ့ထက် မိနစ်အနည်းငယ် တောင်ထိပ်စောရောက်ခဲ့သည့် ကိုပြည့်ဖြိုးအောင်နှင့်အတူ သူတို့နှစ်ဦးသည် ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိနိုင်ခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံသားများအဖြစ် စာရင်းဝင်ခဲ့ပြီဖြစ်သည်။

တောင်တက်သမားများ၏ အမြင့်ဆုံးနှင့် နောက်ဆုံးအိပ်မက်မှာ ဧဝရတ်တောင်ထိပ်ပေါ် ရောက်ရှိရေးဖြစ်ကြောင်း တောင်တက်သမားများအကြား ဆိုရိုးစကားရှိခဲ့သည်။ သို့သော်လည်း မြန်မာတောင်တက်သမားများအတွက်မူ ဧဝရတ်တောင်ထိပ်သို့ ရောက်ရှိခဲ့မှုက သူတို့ အိပ်မက်၏ အစပင်ရှိသေးသည်။ သူတို့၏ အိပ်မက်က မြန်မာနိုင်ငံတွင် တောင်တက်အားကစားနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်ပင် ဖြစ်သည်။

ကိုပြည့်ဖြိုးအောင်၊ ကိုညီညီအောင်နှင့် ကိုဝင်းကိုကိုတို့ကို ဧဝရတ်တောင်အနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ- ညီညီအောင်

ကိုပြည့်ဖြိုးအောင်၊ ကိုညီညီအောင်နှင့် ကိုဝင်းကိုကိုတို့ကို ဧဝရတ်တောင်အနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ- ညီညီအောင်

“ကျနော်တို့ ဧဝရတ်တောင်ကို နောက်တစ်ခေါက် ထပ်မသွားတော့ဘူး။ အဲဒီမှာ ကုန်ကျမယ့်စရိတ်ကို ပြည်တွင်းက ရေခဲတောင်တက် ခရီးတွေမှာ မြှုပ်နှံမယ်”ဟု အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုဝင်းကိုကိုက ပြောသည်။

တကယ်တော့ မြန်မာနိုင်ငံတွင် တောင်တက်အားကစား စတင်ခဲ့သည်မှာ လွန်ခဲ့သည့် ၅၆ နှစ်ကတည်းက ဖြစ် သည်။ မြန်မာနိုင်ငံတွင် ခြေလျင်နှင့် တောင်တင်အသင်းကို စတင်တည်ထောင်ခဲ့သည်မှာ ၁၉၆၀ ပြည့်နှစ်ကတည်းက ဖြစ်သည်။

သို့သော်လည်း မြန်မာတွင် တောင်တက်အားကစားမှာ ဘယ်တုန်းကမှ ပေါ်ပြုလာမဖြစ်ခဲ့။

ဒေသတွင်းတွင် မြန်မာနိုင်ငံသည် တောင်တက်အားကစားနှင့် ခရီးသွားလုပ်ငန်းအတွက် သဘာဝအရ အသင့်တော်ဆုံးသော အနေအထားတွင်ရှိနေသော်လည်း အသုံးမချနိုင်သေးပဲ ဖြစ်နေဆဲဖြစ်သည်။

တောင်တက်သမားများ အကြိုက်တွေ့သည့် အမြင့်ပေ မီတာ၃,၀၀၀ (၉,၈၄၃ ပေ) အထက်မြင့်သည့် တောင်များသည် အရှေ့တောင်အာရှဒေသတွင် ၅၇ လုံးရှိသည့်အနက် လေးပုံတစ်ပုံသည် မြန်မာနိုင်ငံထဲတွင် တည်ရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ရေခဲဖုံးလွှမ်းနေသည့် မီတာ ၅,၀၀၀ (၁၉,၄၀၄ ပေ) ထက်အမြင့်ရှိသည့် တောင်များရှိရာ တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်နှင့် နာဂတောင်တန်းဒေသရှိ ရေခဲတောင်များသည် မြန်မာနိုင်ငံရှိ အနည်းငယ်သော တောင်တက်သမားများအကြား ရေပန်းစားသည့်ဒေသများလည်း ဖြစ်သည်။

အထူးသဖြင့် အမြင့် မီတာ ၅,၈၈၁ (၁၉,၂၉၄ ပေ)ရှိပြီး အရှေ့တောင်အာရှဒေသတွင် အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီ တောင်၊ ၅,၈၇၀ မီတာ (၁၉,၂၅၉ ပေ)ရှိ ဂမ်လမ်ရာဇီတောင်၊ ၄,၆၁၆ မီတာ (၁၅,၁၄၄ ပေ) ရှိ မဒွိုင်ရာဇီတောင်စသည့် တောင်များမှာ တောင်တက်သမားများအကြား အထူးထင်ရှားသည့်ဒေသများ ဖြစ်သည်။

ဓာတ်ပုံ-ညီညီအောင်

ဓာတ်ပုံ-ညီညီအောင်

ဧဝရတ်တောင်တက်ခရီး မစတင်မီလွန်ခဲ့သော ခုနှစ်နှစ်ခန့်ကတည်းက မြန်မာတောင်တက်သမားများသည် Techinal Climbing Club of Myanmar ဟုအမည်ရသော တောင်တက်အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ပြီး ခါကာဘိုရာဇီတောင်မှလွဲကာ ကျန်တောင်များကို အောင်မြင်စွာ တက်ရောက်ခဲ့ကြသည်။ ထိုစဉ်က သူတို့၏ အောင်မြင်မှုကို မိသားစုဝင်များနှင့် ဝါသနာတူ လုပ်ဖော်ကိုင်ဘက်များကလွဲပြီး မည်သူကမှ သတိမပြုမိခဲ့ကြပေ။

သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အခြေအနေများက ရုတ်ချဉ်း ပြောင်းလဲသွားခဲ့သည်။ ဧဝရတ်တောင်ပေါ် ခြေချပြီးချိန်မှ စတင်ပြီး မြန်မာတောင်တက်သမားများနှင့် တောင်တက်ခရီးအပေါ် စိတ်ဝင်စားမှု တစ်ဟုန်ထိုး တက်လာခဲ့ကြောင်း ဧဝရတ်တောင်ထိပ်ရောက် မြန်မာတောင်တက်အဖွဲ့က ပြောသည်။

“၅၆ နှစ်တာသမိုင်းမှာ အခုအချိန်က အရှိန်အမြင့်ဆုံးပဲ။ ဘယ်တုန်းကမှ ဒါမျိုးမကြုံဖူးဘူး။ မီဒီယာ၊ ဖေ့စ်ဘုတ်၊ အစိုးရ၊ ပြည်သူ အဖက်ဖက်က စိတ်ဝင်စားလာကြတယ်”ဟု ဧဝရတ်တောင်တက်အဖွဲ့မှ ကိုညီညီအောင်က ပြောသည်။

“အရင်တုန်းကတော့ တောင်ထိပ်ပေါ်မှာ အလံစိုက်တာ၊ တောင်တက်တာတို့ဆိုရင် အစိုးရရဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းလို့ မြင်တဲ့သူတွေရှိတယ်။ အခုတော့အားကစားဆိုတာ သိလာကြပြီ”ဟု သူက ဆက်ပြောသည်။

အဖွဲ့ဝင်၂၀ ခန့်သာရှိသည့် Techinal Climbing Club of Myanmar က ဧဝရတ်တောင်တက်ရေးအတွက် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက စတင်ကြိုးပန်းခဲ့ကြခြင်း ဖြစ်သည်။၂၀၁၄ ခုနှစ်အတွင်း အခြား မြန်မာတောင်တက်အဖွဲ့တစ်ခုက ဧဝရတ်တောင်သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့စဉ်ကတည်းက Techinal Climbing Club of Myanmar အဖွဲ့ဝင်များကလည်း ဧဝရတ်ခရီးစဉ်အတွက် ပြင်ဆင်ခဲ့ကြသည်။

ထိုစဉ်က ဧဝရတ်ခရီးထက် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တောင်ပေါ်တွင် စိုက်ထူမည့် မြန်မာနိုင်ငံအလံပေါ်တွင် လက်မှတ်ရေးထိုးပေးလိုက်သောကိစ္စက လူပြောပိုများခဲ့သည်။

ဗေဒင်လက္ခဏာ အမြင်ဖြင့်ကြည့်သူများက ယတြာချေသည့်လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြသည်။ ဦးသိန်းစိန်ကို မထောက်ခံသူများက အလံပေါ်တွင် လက်မှတ်ရေးထိုးသည်မှာ ဥပဒေချိုးဖောက်သည့် လုပ်ရပ်အဖြစ် ထောက်ပြ ကြသည်။

ပြည်ထောင်စု အလံတော် ဥပဒေတွင် ပြဌာန်းချက်များအရ နိုင်ငံတော်အလံပေါ်တွင် စာရေးသားခြင်းကဲ့သို့ ရေးခြစ်ခြင်းများကို မပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်သူကို ထောင်သုံးနှစ်နှင့် ဒဏ်ငွေကျပ် သုံးသိန်းအထိ အမြင့်ဆုံးပြစ်ဒဏ်ပေးခွင့် ရှိသည်။

ထိုစဉ်က တောင်တက်ခရီးလမ်းတွင် ရေခဲတောင်ပြိုကျမှုကြောင့် ထိုနှစ် တောင်တက်ရာသီအတွက် နီပေါအစိုးရက တောင်တက်ခွင့် ပိတ်ပင်ခဲ့သည့်အတွက် မြန်မာတောင်တက်သမားများလည်း လမ်းတဝက်မှ လှည့်ပြန်ခဲ့ကြရသည်။

နောင်နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် Techinal Climbing Club of Myanmar ၏ အဖွဲ့သားများအတွက် ဧဝရတ် တောင်တက်ရန် အခွင့်အလမ်း ပေါ်ပေါက်လာခဲ့သည်။

ဓာတ်ပုံ-ညီညီအောင်

ဓာတ်ပုံ-ညီညီအောင်

ကုန်ကျစားရိတ်များပြားပြီး အန္တရာယ်များနှင့် ပြည့်နှက်နေသော ဧဝရတ်တောင်တက်ခရီးအတွက် ကိုဝင်းကိုကို(၃၆ နှစ်) ကိုပြည့်ဖြိုးအောင်(၃၄နှစ်)နှင့် ကိုညီညီအောင်(၂၉နှစ်)တို့ သုံးဦးသည် မတ် ၂၆ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာခဲ့ကြသည်။

နှစ်လနီးပါးကြာမည့် သူတို့၏ ခရီးစဉ်တလျှောက် ကုန်ကျစားရိတ်ကို မြန်မာပြည်၏ ထိပ်တန်းစီးပွားရေးသမားကြီး ဦးတေဇက ထူထောင်ထားသော ထူးဖောင်ဒေးရှင်းက ကျခံခဲ့သည်။ ဦးတေဇသည် ယခင်ကလည်း ပြည်တွင်းပြည်ပ တောင်တက်ခရီးစဉ်များတွင် တောင်တက်သမားများကို ငွေကြေးနှင့် ပစ္စည်းကိရိယာ အကူအညီများ မကြာခဏပေးလေ့ရှိသူဖြစ်သည်။

တစ်လကျော်ကြာခရီးကြမ်းကို ဖြတ်ကျော်ရင်း မေ ၁၇ ရက်တွင် သူတို့ သုံးဦးသည် အမြင့်မီတာ ၇,၀၀၀ ကျော် တွင် တည်ဆောက်ထားသည့် စခန်းအမှတ် ၃ (Camp 3) သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။ တောင်ထိပ်သို့ လှမ်းမြင်နေရပြီး တောင်တက်ခရီး၏ ငါးပုံလေးပုံခန့်အထိ အောင်မြင်စွာ ရောက်ရှိချိန်တွင်တော့ အဖွဲ့ထဲမှ တယောက်သည် ကျန်းမာရေး စတင်ချို့ယွင်းလာခဲ့သည်။

ကိုညီညီအောင်၏ နှလုံးခုန်နှုန်းသည် ပုံမှန်မဟုတ်တော့ပဲ သွေးထဲတွင် အောက်ဆီဂျင်ပါဝင်မှုက ၅၇ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း ဆရာဝန်ကစစ်ဆေးတွေ့ရှိခဲ့သည်။

ရှေ့တွင် ကျော်ဖြတ်ရမည်က အလွန်အန္တရာယ်များပြီး အောက်စီဂျင်ဓာတ် ပါးလွှာသည့် သေမင်းတမန်ဇုန် (Death Zone)ဖြစ်ရာ ဆရာဝန်၏ အကြံပြုချက်က ဆက်လက်သွားရောက်ပါက အသက်ရှင်ရန်နှင့် အသက်ဆုံးရှုံးနိုင်ခြေမှာ တစ်ဝက်တစ်ဝက်သာ ဖြစ်သည်ဟု ဖြစ်သည်။

“ကျွန်တော်တို့က မြေပြန့်မှာနေတဲ့သူတွေ။ ရန်ကုန်သားတွေ။ ဆွစ်ဇာလန်တို့၊ ပီရူးတို့လို တောင်ပေါ်အမြင့်မှာ မွေးတဲ့လူတွေ မဟုတ်ဘူး” ဟုကိုညီညီအောင်က ပြောသည်။

နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် သူနေခဲ့ရန်အတွက် နောက်ဆုံးတွင် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ကြောင်း ကိုညီညီအောင်က ပြောသည်။

ဧဝရတ်တောင်တက်ခရီး မစတင်မီက သူတို့သုံးဦးကြားတွင် ရေးသားမထားသော သဘောတူညီချက်တစ်ခုရှိ ခဲ့သည်။ အဖွဲ့ထဲမှ အနည်းဆုံးတစ်ယောက် တောင်ထိပ်ပေါ်သို့ ရောက်ရှိရေးက ပန်းတိုင်ဖြစ်ပြီး လမ်းခရီးတွင် တစ်စုံတစ်ယောက် အန္တရာယ်ကြုံတွေ့ပါက မိမိကိုယ်မိမိ စောင့်ရှောက်ကြရန် ဖြစ်သည်။

“ကျွန်တော်တို့အကြားက သဘောတူညီချက်က ဘယ်လိုနည်းနဲ့မှ ဒီရည်မှန်းချက်ကို အပျက်မခံနိုင်ဘူး”ဟု ကိုပြည့်ဖြိုးအောင်က ပြောသည်။

ဓာတ်ပုံ-ညီညီအောင်

ဓာတ်ပုံ-ညီညီအောင်

ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ရန် မြန်မာတောင်တက်သမားများသည် ကမ္ဘာ့စတုတ္ထအမြင့်ဆုံး  တောင်ဘက်ခြမ်း လမ်းကြောင်း (Lhotse) ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ Lhotse ဆိုသည်မှာ တိဗတ်ဘာသာစကားဖြင့် တောင်ဘက်တောင်ထိပ်ဟု အဓိပ္ပါယ်ရသည်။

အခက်အခဲများကို ဖြတ်ကျော်ရင်း နောက်နှစ်ရက်အကြာ မေ ၁၉ ရက် နံနက်မှာတော့ မြန်မာနိုင်ငံအလံကို တောင်ထိပ်ပေါ်တွင် စိုက်ထူနိုင်ခဲ့ကြသည်။

ကမ္ဘာအမြင့်ဆုံး ဧဝရတ်တောင်ပေါ် ရောက်ရှိခဲ့ပြီးနောက် သူတို့၏ နောက်ထပ်ရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသတွင် အမြင့်ဆုံးသော ကချင်ပြည်နယ်အတွင်းမှ ခါကာဘိုရာဇီတောင်သို့  တက်ရောက်ရန် ဖြစ်သည်ဟုဆိုသည်။

“ခါကာဘိုရာဇီတက်ဖို့ ရည်မှန်းထားတာ။ ၂၀၂၀ ဝန်းကျင်မှာ တက်မယ်” ဟု ကိုပြည့်ဖြိုးအောင်က မေ ၂၇ ရက်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ခါကာဘိုရာဇီတောင်ထိပ်ပေါ်သို့ တစ်ကြိမ်သာ လူတက်ရောက်ခဲ့ဖူးသည်။ ၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသား မစ္စတာ တာကာရှီ အိုဇာကီနှင့် မြန်မာနိုင်ငံသား တိဘက်လူမျိုး ဦးနမားဂျွန်ဆင်တို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ခါကာဘိုရာဇီတောင်တက်ခရီးက ဧဝရတ်တောင်ထက် စိန်ခေါ်မှု ပိုများမည့်ခရီးလည်းဖြစ်ကြောင်း သူတို့က ခန့်မှန်းထားသည်။ ဧဝရတ်ခရီးကဲ့သို့ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကောင်းများ မရှိခြင်းက အဓိကစိန်ခေါ်ချက်ဖြစ်သည်ဟု သူတို့က ယူဆထားသည်။

ဧဝရတ်တောင်တက်သည့် အကြောင်းအရင်းများထဲမှ တစ်ခုသည် နီပေါတို့၏ ရေခဲတောင်တက် ခရီးသွားလုပ်ငန်းကို လေ့လာပြီး မြန်မာနိုင်ငံတွင် ပြန်လည်အသုံးချရန်ဖြစ်ကြောင်း မြန်မာတောင်တက်သမားများက ပြောသည်။

ယခုတော့ ဧဝရတ်တောင်ပေါ်တွင် အောင်မြင်စွာခြေချနိုင်ခဲ့သလို နီပေါနိုင်ငံ၏ အဓိက ဝင်ငွေရလမ်းဖြစ်သည့် တောင်တက်လုပ်ငန်းကိုလည်း လေ့လာနိုင်ခဲ့ပြီဖြစ်သည်။

“ဒါတွေ ကျနော်တို့ဆီမှာလည်း တနေ့ ဖြစ်လာနိုင်တယ်”ဟု ကိုပြည့်ဖြိုးအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် တောင်တက်အားကစားနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခြေခံပညာကျောင်းများတွင် သူတို့၏ ဧဝရတ်တောင်တက်ခရီး အတွေ့အကြုံများကို ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် လူငယ်များကို ဆွဲဆောင်ရန် သူတို့က စီစဉ်နေကြသည်။

အခြားတစ်ဘက်တွင်မူ ပြဿနာက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် အရိုးဆွဲနေသည့် ဓလေ့စရိုက်ဟောင်းများ ဖြစ်ကြသည်။ ထိုဓလေ့များက သူတို့၏ ရည်မှန်းချက်ကို ခြိမ်းခြောက်နေသည်။

မြန်မာ့နိုင်ငံတွင် ကျောင်းတွင်းကာယအချိန်အများစုကို စာသင်ကြားမှုများဖြင့်သာ အစားထိုးထားကြသည်။ ထိုနည်းဖြင့် စာသင်ကျောင်းအတော်များများက ကလေးငယ်များ၏ အားကစားလိုက်စားခွင့်ကို မသိမသာ ပိတ်ပင်ထားကြသည်။

မိဘအချို့ကလည်း ၎င်းတို့၏ သားသမီးများကို သစ်ပင်တက်ခြင်းကဲ့သို့သော အမြင့်သို့ တက်ရောက် ဆော့ကစားခြင်းကို စိုးရိမ်တကြီး ပိတ်ပင်လေ့ရှိသည်။

“ရန်ကုန်မှာ အားကစားကွင်း သိပ်ရှားတယ်။ ကလေးငယ်တွေကိုလည်း ဝရံတာသံပန်းပေါ် တက်တာကအစ ပိတ်ပင်ကြတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို အန္တရာယ်များတယ်ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ ပိတ်ပင်ကြတယ်” ဟု ကိုညီညီအောင်က ပြောသည်။

“ကျွန်တော် မိဘတွေကို ထောက်ပြချင်တာက ခါကာဘိုရာဇီသွားတာက နေပြည်တော်သွားတာလောက် အန္တရာယ် မများပါဘူး” ဟု ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း လူ ၆၀၀ ကျော်သေဆုံးပြီး ၄,၀၀၀ ကျော် ဒဏ်ရာရစေခဲ့သည့် နေပြည်တော် အမြန်လမ်းကို ရည်ညွှန်းကာ သူက ပြောကြားခဲ့သည်။

ငါးမီတာခန့်အမြင့်သို့ တက်ရောက်ဆော့ကစားရန်ကိုပင် တားမြစ်ခံနေရသည့် မြန်မာ့ကလေးငယ်များအား မီတာ ၅,၀၀၀ ကျော်သည့် မြန်မာ့တောင်တန်းများပေါ်သို့ တက်ရောက်ရန်ဆွဲဆောင်ဖို့က သူတို့အတွက် ဧဝရတ် ထက်ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဟုလည်း ၎င်းတို့က ခန့်မှန်းထားကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar