ဧည့်သည်တွေကို ဖိတ်ခေါ်နေတဲ့ မေ့လျော့ခံမြို့လေး နမ္မတူ

ရှမ်းတောင်တန်းများပေါ်မှ မြို့နယ်တစ်ခုဖြစ်သည့် နမ္မတူမြို့သည် တစ်ခါက ကမ္ဘာပေါ်တွင် ခဲနှင့်ငွေသတ္တုများ အများဆုံး ထုတ်လုပ်သည့်နေရာများတွင် ပါဝင်ခဲ့သည်။ ယခုအခါတွင်မူ ၎င်းအတိတ်သမိုင်းကို ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများအား မျှဝေလျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

တောင်တန်းများအောက်ခြေရှိ လယ်ကွင်းများ၏အစွန်တွင် အလေ့ကျပေါက်ရောက်နေသော နေကြာပန်းပင်များက နမ္မတူမြို့နယ်သို့ စတင်ဝင်ရောက်လာသူများကို ဆီးကြိုနေကြသည်။ လားရှိုးမြို့မှ နှစ်နာရီခန့် ကားစီးလာပါက နမ္မတူမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

အတိတ်ကာလတစ်ခုကမူ ထိုမြို့နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအများဆုံး မြို့များထဲတွင် ပါဝင်ခဲ့သည်။ နမ္မတူနှင့် ဘော်တွင်းသတ္တုတွင်းများကြောင့် ကျော်ကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကာလက နမ္မတူမြို့နယ်သည် ခဲသတ္တုများ ထုတ်လုပ်ပေးသည့် ကမ္ဘာ့အကြီးဆုံး အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် ငွေ၊ ဇင့်နှင့် နီကယ်သတ္တုလည်း အများအပြား ထွက်ရှိခဲ့သည့်ဒေသတစ်ခု ဖြစ်ခဲ့သည်။ တရုတ်တို့က ငွေသတ္တုတွင်းကို နှစ်ပေါင်း ရာနှင့်ချီကာ လည်ပတ် လုပ်ကိုင်ခဲ့ပြီးနောက်တွင် မြေအောက်ရေမျက်နှာပြင်နှင့် နီးကပ်လာသည့် ပြဿနာကြောင့် ရပ်ဆိုင်းလိုက်ရတော့သည်အထိ ဖြစ်သည်။

ဗြိတိသျှတို့က ထိုသတ္တုတွင်းကို ၁၈၈၀ ပြည့်နှစ်များတွင် စတင်လုပ်ကိုင်ခဲ့သည်။ အကြီးဆုံးလုပ်ငန်းအဖြစ် Burma Corporation လုပ်ဆောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပြည်သူပိုင်သိမ်းကာ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက လွှဲပြောင်းရယူခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်မှ ၁၉၅၀ နှောင်းပိုင်းအထိ နမ္မတူသတ္တုတွင်းသည် ကမ္ဘာပေါ်တွင် အရေးပါဆုံးသတ္တုတွင်းဖြစ်ခဲ့ပြီး နမ္မတူမြို့တွင် ကိုယ်ပိုင်လေယာဉ်ကွင်းပင် ထားရှိခဲ့ကြသည်။ ယနေ့အချိန်တွင်မူ ထိုလေယာဉ်ကွင်း၌ ခြုံနွယ်သစ်ပင်များ ဖုံးလွှမ်းနေပြီး မေ့လျော့ခံနေရပြီဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

သို့သော် နမ္မတူဒေသခံတစ်ချို့ကမူ ယခင်က ရရှိခဲ့သော မြို့၏ ဂုဏ်သတင်းများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာကြသည်။ ဒေသရှိ ကြွယ်ဝသော သမိုင်းရာဇဝင်များဖြင့် ရာစုနှစ်အပြောင်းအလဲ စတင်သည့်အချိန်မှ ပထမဆယ်စုနှစ်ကာအတွင်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန် ကြိုးပမ်းနေကြသည်။

နမ္မတူမြို့ ကောင်းစားသောအချိန်ကာလက နမ္မတူနှင့် ဘော်တွင်းဒေသများ၏ သွင်ပြင်တစ်ခုမှာ ဗြိတိသျှများနှင့် အခြားသော နိုင်ငံခြားသားများ အပန်းဖြေသည့် အဆောက်အအုံများရှိသော နေရာတစ်ခုဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လာရောက် အပန်းဖြေသူများတွင် အမေရိကန်လူမျိုး Mr.Herbert Hoover လည်း ပါဝင်ခဲ့သည်။ သူသည် ၁၉၂၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ၃၁ ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ သမ္မတဖြစ်မလာမီက ထိုသတ္တုတွင်းများတွင် ၎င်းက ငွေကြေး ရင်းနှှီးမြှုပ်နှံခဲ့သေးသည်။ အပန်းဖြေအဆောက်အအုံများတွင် ဘိုးလင်းကလပ်များ၊ ကြက်တောင်ကွင်းများ၊ ရေကူးကန်များနှင့် ပိုလိုကစားကွင်းများ ပါဝင်သည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဗိုလ်ချုပ်နေဝင်းက အာဏာရယူလိုက်ပြီးနောက် နမ္မတူသတ္တုတွင်းများကို ပြည်သူပိုင်သိမ်းခဲ့သည့်အတွက် နမ္မတူမြို့၏ ကျဆုံးမှုလည်း စတင်ခဲ့သည်။ သို့သော် နမ္မတူမြို့မှ လူလတ်တန်းစား အသိုင်းအဝိုင်းက နမ္မတူမြို့ကို ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေလိုသည်။ ခရီးသွားလုပ်ငန်းသာ အောင်မြင်ခဲ့ပါက သြစတြေးလျ ကုမ္ပဏီတစ်ခုက သတ္တုတွင်းကို ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ် မအောင်မြင်သည့်တိုင် မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရနိုင်သည်ဟု ၎င်းတို့က ဆိုကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ လှပသည့် နမ္မတူမြို့လေးသည် ပြည်တွင်း ပြည်ပမှ ဧည့်သည်များ လာရောက်လည်ပတ်ရန် တံခါးဖွင့်လှစ်ထားသည်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရှမ်းပြည်နယ်မြောက်ပိုင်းမှ လှပသည့် နမ္မတူမြို့လေးသည် ပြည်တွင်း ပြည်ပမှ ဧည့်သည်များ လာရောက်လည်ပတ်ရန် တံခါးဖွင့်လှစ်ထားသည်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ယခုအခါ နမ္မတူသတ္တုတွင်းတွင် မြန်မာကုမ္ပဏီ နှစ်ခုက လုပ်ကိုင်နေသည်။ တစ်ခုမှာ Asia World အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်ခဲ့ဖူးသော Win Myint Mo Industrial Co.Ltd ဖြစ်ပြီး ကျန်တစ်ခုမှာ Myanmar Apex Mining Co.Ltd တို့ဖြစ်ကြသည်။ ပြီးခဲ့သောနှစ်တွင် Myanmar Apex Mining Co.Ltd က ပုံမှန်ထုတ်လုပ်နိုင်ခဲ့သော်လည်း ၎င်းတို့နှစ်ဖွဲ့စလုံးသည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက ဘော်တွင်းသတ္တုတွင်းအနီးရှိ နာမည်ကျော် Tiger Camp ကျားစခန်းကို အသုံးပြုပြီး ခရီးသွားဇုန်တစ်ခုအဖြစ် နမ္မတူမြို့ကို ဖွံ့ဖြိုးတိုးတက်စေလိုခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင် အစိုးရ အပြောင်းအလဲ ဖြစ်ပြီးသောအချိန်တွင် ထိုအစီအစဉ်မှာ ချောင်ထိုးထားခြင်း ခံနေရသည်။

နမ္မတူမြို့သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားများကို မြို့လယ်နေရာများသာ သွားလာခွင့်ပြုထားသည်။ ထိုကြောင့် မြို့ ဘေးပတ်ဝန်းကျင်မှ စိတ်ဝင်စားဖွယ်ရာ နေရာများကို လည်ပတ်ခွင့် မရကြပေ။ စိတ်ဝင်စားစရာ နေရာများမှာ အနီးအနားမှ ဘော်တွင်းသတ္တုတွင်းနှင့် စိတ်ဝင်စားဖွယ်ရာ Marmion Shaft စိုက်ကွင်း လမ်းကျဉ်းလေးတွင် ခုတ်မောင်းသော ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းတို့ ဖြစ်ကြသည်။ ဒေသခံများ၏အဆိုအရ အချို့သော နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားများသည် ဘော်တွင်းသတ္ထုတွင်းအထိ ရောက်ဖူးကြပြီး အနည်းငယ်ခန့်မှာ ထိုမီးရထားကိုပင် စီးနင်းခွင့် ရရှိခဲ့ကြသည်ဟု ဆိုသည်။

နမ္မတူမြို့လယ်မှ ၁၀ မိုင်ခန့် ခရီးသွားသောအခါ တောင်သုံးလုံးဟုခေါ်သော ရေတံခွန်သို့ ရောက်ရှိနိုင်ကြသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

နမ္မတူမြို့တွင်း၌ရှိသော တခြားဆွဲဆောင်ရာ နေရာတစ်ခုမှာ Green Grand House ဖြစ်သည်။ ထိုနေရာမှာ ဦးနေဝင်းအပါအဝင် အစိုးရအဆက်ဆက်လက်ထက် အဆင့်မြင့်အရာရှိများ အသုံးပြုသော နေအိမ်ဖြစ်သည်။

နမ္မတူမြို့က ခရီးသွားနေရာတစ်ခုအဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းမှ ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အချက်မှာ မြေပြန့်ဒေသမှ အပူဒဏ်ကို ရှောင်တိမ်းနိုင်သည့် ကုန်းမြင့်ဒေသတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

နမ္မတူဒေသကို ခရီးသွားနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါက ဒေသတွင်းမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပြီး လူငယ်များအကြား မူးယစ်ဆေး သုံးစွဲမှု ပြဿနာများလည်း လျော့ပါးသွားနိုင်သည်။

နမ္မတူမြို့ပြင်မှ လှပသည့် ရှုခင်းတစ်ခု။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

နမ္မတူမြို့ပြင်မှ လှပသည့် ရှုခင်းတစ်ခု။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

သို့သော် စိန်ခေါ်မှု အများအပြား ကျန်ရှိနေသေးသည်။ အဓိကပြဿနာမှာ လုံခြုံရေးဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်းသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုမရှိသေးသော ဒေသများထဲတွင် ပါဝင်နေသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ပြီးခဲ့သည့်လများကက နမ္မတူမြို့အနီးအနားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ Frontier က နမ္မတူမြို့မှ ဘော်တွင်းသို့ သွားရောက်ခဲ့ချိန်က တပ်မတော်စစ်ဆေးရေးဂိတ် လေးခုနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်များ၏ စစ်ဆေးမှုကို ခံခဲ့ရသည်။ ထိုခရီးသည် ဆိုင်ကယ်ဖြင့် သုံးနာရီကြာ သွားရသော ခရီးဖြစ်သည်။

အခြားသော ပြဿနာတစ်ခုမှာ နမ္မတူမြို့တွင် ဟိုတယ်တစ်ခုမျှ မရှိဘဲ ဧည့်ရိပ်သာ အနည်းငယ်မျှသာရှိနေခြင်းဖြစ်သည်။

အားသာချက်တစ်ခုမှာ နမ္မတူမြို့ ဒေသခံများသည် နွေးထွေးပျူငှာကြပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ လာရောက်သော ဧည့်သည်များကို လှိုက်လှဲစွာ ကြိုဆိုတတ်ကြခြင်း ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.