ဦးဝီရသူ၏ အမုန်းတရား ဟောပြောချက်များကို တားဆီးဆန့်ကျင်ကြရန် တိုက်တွန်း

ထွန်းခိုင်

ဦးဝီရသူရဲ့ မူဆလင်မုန်းတီးရေး တရားတွေအပါအဝင် အငြင်းပွားစရာ ဟောပြောပို့ချချက်တွေကို တားဆီးကြဖို့နဲ့ ဆက်ပြီး ခွင့်ပြုနေရင် သာသနာနဲ့ နိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ ရဟန်းတစ်ပါးက ထုတ်ဖော် သတိပေးလိုက်ပါတယ်။

အရှင်ဣဿရိယ (ခ) မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က သူ့လိုပဲ ရဟန်းတစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ မြတ်စွာဘုရားရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့ သင်္ကန်းကျွန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြ သတိပေးခဲ့ပါတယ်။

ဦးဝီရသူရဲ့ အမုန်းတရားဟောပြောမှုတွေနောက် ရဟန်းတွေနဲ့ လူတွေလိုက်လာခဲ့ရင် သာသနာနဲ့ နိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့လည်း ဆရာတော် အရှင်ဣဿရိယက မိန့်ကြားပါတယ်။

“ဦးဝီရသူကို အားကျပြီးတော့ ရဟန်းတစ်ပါးဆိုတာ ဒီလိုဆဲလို့ရတယ်၊ သတ်တာကို အားပေးလို့ရတယ်။ ဘုရားလောင်းနဲ့ ချီးကျူးလို့ရတယ်။ ချီးမွမ်းလို့ ရတယ်။ လှုံ့ဆော်လို့ရတယ်ဆိုတဲ့ အမြင်တွေဖြစ်ပြီး သူ့နောက်မှာ လိုက်လာတဲ့ ရဟန်းသံဃာအငယ်တွေ အများကြီး တွေ့လာရတယ်”လို့အရှင်ဣဿရိယက မိန့်ပါတယ်။

ဦးဝီရသူရဲ့ ဟောပြောမှုတွေဟာ ဗုဒ္ဒဝါဒနဲ့ ဆန့်ကျင်ကြောင်း အသိပေးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့အတွက် စီစဉ်တဲ့ အရှင်ဣဿရိယဟာ ခြိမ်းခြောက်မှုတွေခံနေရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သူ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ၃၄ လမ်းက မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းမှာ ပြုလုပ်ဖို့အတွက် စီစဉ်ခဲ့ပေမယ့် ဦးဝီရသူကို ထောက်ခံတဲ့သူ အများအပြား ကြိုတင်ရောက်ရှိလာတာကြောင့် အချိန်နဲ့ နေရာကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူအပေါ် ၂၀၁၈ ခုနှစ်၊ မတ် ၉ ရက်နေ့အထိ တစ်နှစ်ကြာ တရား ဟောပြောခွင့် ပိတ်ပင်ထားတာရှိပေမယ့် ဦးဝီရသူက မလိုက်နာဘဲ ဆက်ပြီး ဟောပြောပို့ချမှုတွေ ပြုလုပ်နေတဲ့ အပေါ်ကိုလည်း အရှင်ဣဿရိယက မေးခွန်းထုတ်ခဲ့ပါတယ်။

သတ္တဝါတွေအပေါ် မေတ္တာတရားကြီးမားတဲ့ ဗုဒ္ဒရဲ့ သံဃာအဖြစ် ဦးဝီရသူဟာ ရှိနေခဲ့ပေမယ့် လူသတ်မှုနဲ့ အမုန်းတရားတွေကို အားပေးနေတာကြောင့် သံဃာတွေ ဝေဖန်ခံနေရကြောင်း၊ ဒီလုပ်ရပ်ဟာ ဦးဝီရသူတစ်ဦးတည်းရဲ့ လုပ်ရပ်ဖြစ်ပြီး ဗုဒ္ဒဘာသာတစ်ခုလုံးအပေါ် ကိုယ်စားမပြုတဲ့အကြောင်း လှုပ်ရှားမှုတွေလုပ်ကြဖို့အတွက်လည်း သံဃာတွေကို အရှင်ဣဿရိယက တိုက်တွန်းလိုက်ပါသေးတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar