ဦးဝီရသူအား အမှုဖွင့်ထားမှုကို မဟနက ဝင်ရောက် စွက်ဖက်မည် မဟုတ်

ရန်ကုန်၊ ဇူလိုင် ၁၄

ဦးဝီရသူကို တာမွေရဲစခန်းတွင် အမှုဖွင့်ထားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့အနေနှင့် တစုံတရာ ပါဝင်ပတ်သက်မည် မဟုတ်ဟု ယနေ့ပြောကြားလိုက်သည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင် ဆရာတော် တပါးဖြစ်သူ ဦးဝီရသူကို သာသနာ အကြည်ညိုပျက်စေမှုဖြင့် နေပြည်တော်အခြေစိုက် ပြည်တွင်းသက်တော်စောင့် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က တာမွေရဲစခန်းတွင် ဇူလိုင် ၁၁ ရက်က အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီက ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ဦးဝီရသူက “ကုလသမဂ္ဂ ထိုင်ခုံပေါ်ကို ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လူကြီး လူကောင်းလို့ အောက်မေ့မနေနဲ့” ဟု ဟောပြောခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီလီကို ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုချက်များဖြင့် ရည်ညွှန်းပြောဆိုသည့်အတွက် အမှုဖွင့်ခြင်း ဖြစ်သည်။

“ရဲစခန်းက သူတို့အနေနဲ့ တိုက်ရိုက် ကိုင်တွယ်လို့မရဘူး။ သံဃာ့မဟာနာယကကို တင်ရဦးမယ်လို့ ပြောတယ်။ အဲ့ဒီကနေ တုန့်ပြန်မှုရမှ ဆက်လက် ဆောင်ရွက်နိုင်မယ် လို့ပြောတယ်” ဟု ဦးဝင်းအောင်က Frontier ကို ဇူလိုင် ၁၃ ရက်က ပြောကြားခဲ့သည်။

သို့သော် “တည်ဆဲဥပဒေနှင့် တရားစီရင်ရေးစနစ်နှင့် ပတ်သက်ကာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန)အနေနှင့် တစုံတရာ ဆုံးဖြတ်ဆောင်ရွက်မည်မဟုတ်” ဟု မဟန၏ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောကြားသည်။

တစုံတဦးက သံဃာတော်တစ်ပါးအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုပါက နိုင်ငံတော်၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပြီး မဟနက ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟုလည်း ၎င်းက ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပသည့် မဟန ၄၇ ပါးစုံညီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်နေ့တွင် Frontier က ဦးထွန်းညွန့်အား မေးမြန်းရာတွင်မူ တရားစွဲဆိုထားသည့် ကိစ္စအား ၎င်းတို့ထံ အသိပေးခြင်းမရှိသေးဟု ဖြေကြားခဲ့သည်။

သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ “မသိရှိကြောင်း” ဇူလိုင် ၁၃ ရက်နေ့က Frontier ကို ဖြေကြားခဲ့သည်။

ဦးဝီရသူ၏ ဟောပြောချက်မှာ တနှစ်ကျော် ရှိသွားခဲ့ပြီးဖြစ်သော်လည်း “အရင်ကတည်းက စွဲမယ်လို့ လုပ်ထားတာ။ ခုမှ အချိန်ကျလို့စွဲတာပါ” ဟု ဦးဝင်းအောင်က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar