ဦးဝီရသူကို တာမွေရဲစခန်းတွင် အမှုဖွင့်

အမျိုးသားရေးတက်ကြွလှုပ်ရှားသူနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သူ ဦးဝီရသူကို သာသနာအကြည်ညိုပျက်စေမှုဖြင့် နေပြည်တော်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခု၏ဥက္ကဋ္ဌတစ်ဦးက တာမွေရဲစခန်းတွင် ဇူလိုင် ၁၁ တွင် အမှုဖွင့်တိုင်ကြားလိုက်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ဦးဝီရသူက “ကုလသမဂ္ဂထိုင်ခုံပေါ်ကို ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့” ဟု ဟောပြောခဲ့ပြီး ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီလီကို ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုချက်များဖြင့် ရည်ညွှန်းပြောဆိုသည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။

နေပြည်တော်အခြေစိုက် ပြည်တွင်းသက်တော်စောင့် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းအောင်က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပြီး တာမွေရဲစခန်းက အမှုဖွင့်လက်ခံထားပြီးဖြစ်သည်။

“ရဲစခန်းက သူတို့အနေနဲ့ တိုက်ရိုက် ကိုင်တွယ်လို့မရဘူး။ သံဃာ့မဟာနာယကကို တင်ရဦးမယ်လို့ ပြောတယ်။ အဲ့ဒီကနေ တုန့်ပြန်မှုရမှ ဆက်လက်ဆောင်ရွက်နိုင်မယ် လို့ပြောတယ်” ဟု ဦးဝင်းအောင်က Frontier ကို ပြောသည်။

ဦးဝီရသူ၏ ဟောပြောချက်မှာ တနှစ်ကျော် ရှိသွားခဲ့ပြီးြဖစ်သော်လည်း “အရင်ကတည်းက စွဲမယ်လို့ လုပ်ထားတာ။ ခုမှ အချိန်ကျလို့စွဲတာပါ” ဟု ဦးဝင်းအောင်က ဆိုသည်။

သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းရာတွင် ဦးစီးဌာနသို့ အဆိုပါကိစ္စနှင့်ပတ်သက်၍ “မသိရှိကြောင်း” ဖြေကြားခဲ့သည်။

ထို့ပြင် သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူးဦးထွန်းညွန့်က “ကျနော်တို့ဆီကိုလည်း ခုထိဘာမှ အသိပေးတာမျိုး မရှိသေးပါဘူး” ဟု Frontier ကို ဖြေကြားခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ “မဘသ မလိုအပ်တော့ပါဘူး” ဟူသည့်စကားရပ်နှင့်ပတ်သက်၍ မဘသဖက်မှ ပြန်လည်ဝေဖန်ခဲ့သေးသည်။

သို့သော် ဇူလိုင် ၁၂ ရက်က ၎င်းတို့၏ထုတ်ပြန်ချက်အရ “ဒီမိုကရေစီမှာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်” ဟု ကြေညာချက်ထုတ် တုန့်ပြန်ခဲ့ကာ ယခင်က တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည်ဟူသည့် မဘသ၏ ပြောဆိုချက်မှာ မှေးမှိန်သွားခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် သံဃအဖွဲ့အစည်း၊ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ပွားစေခဲ့ခြင်းမရှိဟု ထုတ်ပြန်ထားသည်။

ရေးသားသူ – မြတ်ကျော်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.