ဦးဝင်းထိန်ပြောကြားချက်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ရန် Eleven Media က ပြင်ဆင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က Daily Eleven သတင်းအပေါ် ပြောကြားချက်များနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ရန်ပြင်ဆင်နေသည်ဟု Daily Eleven သတင်း စာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ယနေ့ညနေပိုင်းတွင် ပြောကြားလိုက်သည်။

အဆိုပါ သတင်းစာတွင်ဖော်ပြသည့် ဝန်ကြီးချုပ်တစ်ဦးက အမေရိကန်ဒေါ်လာ တစ်သိန်းတန်နာရီ ဝတ်ဆင်သည်ဟူသည့် ရေးသားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Daily Eleven တို့အကြား အခြေအတင်ဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဦးဝင်းထိန်က ဘီဘီစီ(မြန်မာပိုင်း)ကို ပြောကြားခဲ့သည့် မှတ်ချက်အပေါ် ထိုသို့ ဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုသို့ Daily Eleven နှင့် ဦးဖြိုးမင်းသိန်းတို့အကြား မကျေလည်မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စောင့်ကြည့်နေကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည့် တစ်မိနစ်နှင့် ၂၃ စက္ကန့်ကြာ ရုပ်သံဖိုင်ကို ဘီဘီစီက Facebook တွင် လွှင့်တင်ခဲ့ပြီး နာရီပိုင်းအကြာတွင် Daily Eleven က သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ထိုသို့ ပြန်လည်တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

Daily Eleven ၏ အရေးအသားများကို “တမင်သက်သက်အပုပ်ချတာ” ဟု ဦးဝင်းထိန်က တုန့်ပြန်ခဲ့ပြီး ဦးဖြိုးမင်းသိန်းက သတင်းစာကို တရားစွဲဆိုရန်အထိရှိကြောင်းနှင့် ဦးဖြိုးမင်းသိန်းသည် ဇနီးသည်က ဝယ်ပေးထားသည့် ကျပ်သိန်း ၃၀ ခန့်တန် Rolex နာရီကို ဝတ်ဆင်ထားခြင်းသာဖြစ်ကြောင်း ဦးဝင်းထိန်က ဘီဘီစီ(မြန်မာပိုင်း)ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သုံးနှုန်းခဲ့မှုတွေမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလို့ တစ်လုံးမှ ဖော်ပြထားခြင်း မရှိသလို ဒေါ်လာတစ်သန်းဆိုတဲ့ စကားလုံးလဲ ဘယ်မှာမှ ဖော်ပြထားခြင်းမရှိပါဘူး”ဟု Eleven Media Group ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝေဖြိုးက ပြောကြားသည်။

အစိုးရအဖွဲ့နှင့် ဖြစ်ပွားသည့် ပြဿနာတစ်ရပ်အပေါ် အစိုးရက တရားဝင်တုန့်ပြန်မှု တစ်စုံတရာမပြုလုပ်ဘဲ ပါတီတာဝန်ရှိသူဖြစ်သည့် ဦးဝင်းထိန်က ဝင်ရောက်ပြောကြားခြင်းအပေါ် ဦးဝေဖြိုးက မေးခွန်းထုတ်ခဲ့ပြီး အဂတိလိုက်စားမှု သံသယများအပေါ် လုံလောက်သည့် စစ်ဆေးမှုများ ပြုလုပ်ရန်လည်း ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သည်။

ဦးဝင်းထိန်၏ ပြောကြားချက်များသည် Daily Eleven ၏ ပုံရိပ်ကို ထိခိုက်သောကြောင့် ဥကဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သော်လည်း “ဦးဝင်းထိန်ကို တရားစွဲမှာလား၊ မစွဲဘူးလား” ဟု Frontier က မေးမြန်းမှုကို တိုက်ရိုက်မဖြေကြားခဲ့ဘဲ ဥပဒေကပြဌာန်းထားသည့် ဆောင်ရွက်ခွင့်အတိုင်း ဆောင်ရွက်မည်ဟုသာ ဦးဝေဖြိုးက တုန့်ပြန်ခဲ့သည်။

“အဲဒါတွေအားလုံးအတွက် အလုံလောက်ဆုံး စကားလုံးက ကျနော်တို့ ဥပဒေအတိုင်းဘဲ ဆောင်ရွက်မယ်” ဟု ဦးဝေဖြိုးက ပြောသည်။

Eleven Media Group က ထုတ်ဝေသော လူသိများသည့် သတင်းစာဖြစ်သည့် Daily Eleven ၏ ၂၀၁၆ နိုဝင်ဘာ ၆ ရက်နေ့ သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” ဟူသည့် အယ်ဒီတာ့အာဘော်တွင် အမည်မဖော်ပြထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် Patek Phillipe နာရီကိစ္စနှင့် ပတ်သတ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စိတ်မသက်မသာဖြစ်ကာ တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။

နှစ်ဘက်အကြား အပြန်အလှန် စာများ ပေးပို့ပြီး တင်းမာမှုများရှိနေစဉ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းမီဒီယာအဖွဲ့အစည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရုတ်တရတ် ခေါ်ယူတွေ့ဆုံခဲ့ပြီး Daily Eleven ၏ အရေးအသားများနှင့် ပတ်သက်ကာ တန်ပြန်ဆောင်ရွက်နိုင်ရန် မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်း၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်ထားကာ မီဒီယာများကို ဖိတ်ကြားထားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar