တိုင်းအစိုးရက အမှုရုပ်သိမ်းပြီးနောက် Eleven သတင်းသမားများကို တရားရုံးက တရားရှင်လွှတ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media မှ သတင်းသမားသုံးဦးအပေါ် စွဲဆိုထားသည့်အမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီးနောက် ၎င်းတို့သုံးဦးကို တရားရှင်လွှတ်ရန် တာမွေတရားရုံးက ဆုံးဖြတ်ခဲ့သည်။

အမှုရုပ်သိမ်းလွှာကို တရားလိုဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ယနေ့ (နိုဝင်ဘာ ၉ ရက်နေ့) နံနက်ပိုင်း ရုံးချိန်းတွင် လာရောက်တင်ပြခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် တရားသူကြီးက ထိုသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ညှိနှိုင်းဖြေရှင်းပေးရေးအတွက် တင်ပြထားသည့်အတွက် အမှုအား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်ကျော်ခိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ ရှယ်ယာ” ဟူသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး တိုင်းအစိုးရက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာ ၉ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၎င်းတို့ သုံးဦးမှာ အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

သို့သော် ထိုကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေအရသာ ဆောင်ရွက်ရန် သမ္မတရုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ အောက်တိုဘာ ၁၇ ရက်နေ့တွင် စာဖြင့် ညွှန်ကြားခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေသည့် သမ္မတရုံးမှ ညွှန်ကြားစာအရ ဆောင်းပါးနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအနေဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၃ များနှင့်အညီ သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားရန်၊ ထို့နောက် ကောင်စီက ညှိနှိုင်းပေးရန်နှင့် ညှိနှိုင်းမှု အဆင်မပြေမှသာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် ကောင်စီအနေဖြင့် ညှိနှိုင်းပေးရန် တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာကောင်စီထံ အောက်တိုဘာ ၁၈ ရက်နေ့တွင်ပင် အကြောင်းကြားခဲ့သည်။ သို့သော် သတင်းမီဒီယာကောင်စီအနေဖြင့် တရားရုံးသို့ ရောက်ရှိနေပြီးဖြစ်သည့် အမှုများအား ဝင်ရောက် စွက်ဖက်ခွင့်မရှိသောကြောင့် တရားစွဲဆိုမှုအား ပြန်လည် ရုပ်သိမ်းပေးမှသာ ညှိနှိုင်းပေးမည်ဟု ကောင်စီက တိုင်းအစိုးရထံ ပြန်လည် အကြောင်းကြားထားသည်။

ထို့နောက် အောက်တိုဘာ ၂၆ ရက်နေ့က ရုံးချိန်းတွင် သတင်းသမားသုံးဦးအား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီဖြင့် အာမခံပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ သတင်းသမားများအတွက် အာမခံကို အောက်တိုဘာ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ပြီးနောက် တရားသူကြီးက အာမခံပေးရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်တွင်းရုပ်သံလိုင်းလေးခုအား ရွေးချယ်တွေ့ဆုံပြောကြားရာတွင် သမ္မတ၏ ညွှန်ကြားမှုအရ အမှုအား တရားရုံးက အာမခံပေးမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ခြင်းမပြုခဲ့ဟု ပြောကြားသည်။

“ဒီအမှုကို ဆက်ပြီးရုပ်သိမ်းဖို့အတွက် ဆောင်ရွက်သွားပါ့မယ်။ သတင်းမီဒီယာ ကောင်စီကိုလည်း တိုင်ကြားထားပြီး ဖြစ်ပါတယ်။ သတင်းမီဒီယာကောင်စီရဲ့ ညှိနှိုင်းပေးမှု အပေါ်ကနေ ရလဒ်ကို စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီရလဒ်ကို ရှေ့အပတ်ထဲမှာ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မှားယွင်းကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေနဲ့၊ စာနယ်ဇင်းတွေနဲ့ ဒီ Eleven Media မှာ ပြန်လည် ဖော်ပြပေးဖို့အတွက် တောင်းဆိုထားပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထိုအခြေအနေအား Eleven Media က လိုက်နာကျင့်သုံးဆောင်ရွက်သွားပါက အမှုပြီးစီးသွားမည်ဖြစ်ပြီး သတင်းမီဒီယာကောင်စီ၏ ညှိနှိုင်းပေးမှု မအောင်မြင်ခဲ့ပါက ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောကြားခဲ့သေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိပါးစေသည့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ကြိုးစားသွားမည်ဟုလည်း ၎င်းကဆိုသည်။

“ဒီမိုကရေစီအစိုးရတစ်ရပ်ကို ထူထောင်ရပ်တည်ပြီး လူ့အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးနိုင် ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.