ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အား အစိုးရက မဖြေရှင်းပေးပါက တစ်နိုင်ငံလုံးတွင် ဆန္ဒပြမည်ဟု မဘသက ကြေညာ

ရန်ကုန်၊ ဇူလိုင် ၇

မဘသ မလိုအပ်တော့ဟု ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားကာ အစိုးရက မဖြေရှင်းပေးပါက တစ်နိုင်ငံလုံးတွင် ကန့်ကွက်ဆန္ဒပြပွဲများ ကျင်းပသွားမည်ဟု မဘသက ယနေ့ ပြောကြားလိုက်သည်။

“နိုင်ငံတော်အစိုးရ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နေသော မဘသအဖွဲ့ကြီးအပေါ် မလို မုန်းထား ရန်ညှိုုးပွားကာ မတရား ကြံစဉ် အားထုတ်နေမှုများကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နောက်ဆုံးထားကာ တာဝန်ယူ ဖြေရှင်းပေးရန် လေးနက်စွာ တောင်းဆိုလိုက်သည်” ဟု မဘသအဖွဲ့က ယနေ့ ကျင်းပသည့် အရေးပေါ်အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

သတ်မှတ်ရက်အတွင်း နိုင်ငံတော်က တာဝန်ယူ ဖြေရှင်းပေးမှု မရှိပါက တစ်နိုင်ငံလုံးတွင် ကန့်ကွက်ဆန္ဒပြပွဲများကို မဘသက ဦးဆောင် ပြုလုပ်သွားမည်ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားသည်။

ထို့ပြင် Right to Recall အရ ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်မှ မဘသ အဖွဲ့ဝင်များက ဦးဖြိုးမင်းသိန်းအား တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု ဦးဝီရသူက သတင်းစာရှင်းလင်းပွဲတွင် Frontier ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

မဘသ မလိုအပ်ပါဟု ပြောကြားခဲ့သည့် ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်ကာ တာဝန်ယူ ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မဘသက မေတ္တရပ်ခံလွှာ ပေးပို့သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် “ဆရာတော်ဘုရားတို့ထံမှာ သြဝါဓ ခံယူပါတယ် ဘုရား၊ လိုအပ်လို့ တပည့်တော်တို့ကိုခေါ်ရင် အပြေးအလွှား လာခဲ့ပါမယ့် ဘုရား” ဟု မဘသ ဦးဆောင်ဆရာတော်များအား လေ ျှာက်ထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးထံသို့လည်း မေတ္တာရပ်ခံလွှာ ပေးပို့သွားမည်ဟု ဖော်ပြထားသည်။

ဦးဖြိုးမင်းသိန်းက ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့် မူဘောင်ကို ကျော်လွန်ကာ မဘသအဖွဲ့ကြီး ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ကြံစဉ်အားထုတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ ထိုသို့ ဆောင်ရွက်မှုကို ပြင်းထန်စွာ ရှုံ့ချသည်ဟု ဖော်ပြထားသည်။

မဘသအဖွဲ့သည် ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ပွားခဲ့ခြင်းဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)၏ သံဃနာယက လက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကဏ္ဍပါ အသင်းအဖွဲ့ သို့မဟုတ်၊ အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ဥပဒေနှင့်လည်း ညီညွတ်သလို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းကြီးဖြစ်သည်ဟု ဖော်ပြထားသည်။

မဘသအဖွဲ့သည် ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်များ စုပေါင်းဖွဲ့စည်းထားသည့် သာသနာပြုအဖွဲ့အစည်းကြီးဖြစ်ကာ သာသနာအတွက် နောက်မဆုတ်တမ်း ကာကွယ်စောင့်ရှောက်သွားမည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိရန် မလိုအပ်တော့ဟု ပြောကြားခဲ့သလို စင်ကာပူမှ ရန်ကုန်မြို့သို့ ဇူလိုင် ၇ ရက်နေ့၊ ညနေပိုင်းက ပြန်လည်ရောက်ရှိချိန်တွင်လည်း ထပ်မံပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဖြိုးမင်းသိန်းက ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ”မဘသ မလိုအပ်တော့ဘူး” ဟု ထပ်မံပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြောကြားချက်မှာ ပါတီအား ကိုယ်စားပြု ပြောကြားခြင်းဖြစ်ပါက ပါတီအနေဖြင့် ပြန်လည်ဖြေရှင်းရမည်ဖြစ်သည်ဟု မဘသ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကဘိဝံသက ယနေ့အစည်းအဝေး မစတင်မီ မိန့်ကြားခဲ့သေးသည်။

ဆရာတော်က ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမည်ကိုမူ ထည့်သွင်း မိန့်ကြားခဲ့ခြင်းမရှိပေ။

“မဘသအနေနဲ့ကတော့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ရည်မှန်းချက် ပန်းတိုင် ပြည့်မီသည်အထိ ဆရာတော်သံဃာတော်များ အသက်ရှင်နေသမ ျှ ဆောင်ရွက်သွားမည်” ဟု ဆရာတော်က မိန့်ကြားသည်။

ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်နှင့် စပ်လျဉ်းပြီး မဘသအဖွဲ့၏ အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီက စတင်ကျင်းပစဉ် ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မဘသဦးဆောင်ဆရာတော်အားလုံး နီးပါး တက်ရောက်ခဲ့ကြသည်။

သတင်း- ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar