ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ရုံးတွင်း အမိန့်စာနဲ့ သတိပေးထားတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက Frontier ကိုပြောပါတယ်။
“ပါတီ လူကြီးတွေအနေနဲ့ ရုံးတွင်းအမိန့်စာ ထုတ်ပြီး ဆုံးမ သတိပေးထားပါတယ်။ ပါတီဝင်အဖြစ်က ရပ်ဆိုင်းထားတာ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ဒါပေမယ့် အမိန့်စာမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြောလို့ မရတဲ့ အကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ပတ်သက်ပြီး ပါတီဖက်က သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ဖို့မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဇူလိုင် ၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာပြောခဲ့တဲ့ စကားကြောင့် တပ်မတော်ဖက်က အရေးယူပေးဖို့ အစိုးရထံတင်ပြခံထားရသူဖြစ်ပါတယ်။
အဲဒီပွဲမှာ ဦးဖြိုးမင်းသိန်းက နိုင်ငံဟာ ဒီမိုကရေစီမရသေးတဲ့ အကြောင်း ရှင်းလင်းပြောဆိုနေရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးအဆင့်အတန်းကို ထည့်သွင်းပြောဆိုရာမှာ အရပ်ဖက်၊ စစ်ဖက်ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာမရှိတဲ့အကြောင်း ပြောဆိုကာ “ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲဖြစ်ပါတယ်”ဆိုတဲ့ စကားကို ထည့်သွင်းပြောဆိုခဲ့တာပါ။
ဒါကို တပ်မတော်ဖက်က မကျေလည်ခဲ့ဘဲ ထိပ်တိုင်ရင်ဆိုင်မှုပုံစံဖြင့်ပြောဆိုခြင်းဟု သတ်မှတ်ခဲ့ပြီး အဲဒီလို ပြောဆိုချက်တွေဟာ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေသလို တပ်မတော်ဖက်ကလည်း အပြုသဘော ရေရှည်ဆက်ဆံဖို့ မသင့်တဲ့အတွက် ဦးဖြိုးမင်းသိန်းကို လိုအပ်သလိုစိစစ်အရေးယူပေးဖို့ ဇူလိုင် ၁၁ ရက် မှာ တပ်မတော်က အစိုးရထံ အကြောင်းကြားထားခဲ့တာပါ။
အစိုးရဖက်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ ရပ်တည်ချက်သဘောထား မဟုတ်ဘူးလို့ တပ်မတော်ကို ဇူလိုင် ၁၃ ရက်က အကြောင်းပြန်ထားပြီး ဦးဖြိုးမင်းသိန်း ဆောင်ရွက်ရမယ့် အပိုင်းတွေကို ညွှန်ကြားထားတယ်လို့ဆိုပေမယ့် အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းကတော့ ဒီကနေ့အထိ တစ်စုံတစ်ရာထုတ်ပြန်ပြော ဆိုတာမျိုးမရှိသေးပါဘူး။
သတင်း-ဉာဏ်လှိုင်လင်း