ဦးကိုနီ၏ နောက်ဆုံးခရီးကို ပြည်သူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ရှေ့နေကြီးဦးကိုနီ ၏ နောက်ဆုံးခရီးကို ထောင်နှင့်ချီသော ပြည်သူများ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

အငြင်းပွားဖွယ်ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လူ့အခွင့်အရေး ကိစ္စများနှင့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဥပဒေပိုင်းဆိုင်ရာ အကြံပေးအဖြစ် တက်ကြွစွာဆောင်ရွက်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် ဦးကိုနီ၏ နောက်ဆုံးခရီးကို အစ္စလာမ် ထုံးတန်းအစဉ်အလာများအတိုင်း ရန်ကုန်မြို့စွန် ရေဝေးရှိ အစ္စလာမ်သုသာန်တွင် ယနေ့ ညနေ ၄ နာရီက ကျင်းပခဲ့ခြင်းဖြစ်သည်။

၎င်း၏ နောက်ဆုံးခရီးကို မိသားစုဝင်များနှင့် မိတ်ဆွေများ၊ နိုင်ငံရေးနှင့် ရှေ့နေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ရွှေဝါရောင် သံဃာများ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များအပါအဝင် ပြည်သူ ထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့သည်။

လိုက်ပါပို့ဆောင်သူအရေအတွက် များပြားလွန်းသောကြောင့် ဈာပနအခမ်းအနားကျင်းပရာ နေရာအချို့တွင် မွန်းလွဲ ၃ နာရီခန့်ကတည်းက စတင်ကာ ကန့်သတ်မှုများ ပြုလုပ်ခဲ့ရသည်။

ဦးကိုနီ၏ ရုပ်အလောင်းအား သယ်ဆောင်လာချိန်တွင် လူထောင်ပေါင်းများစွာက တိုးဝှေ့ကာ လိုက်ပါပို့ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

လိုက်ပါပို့ဆောင်သူတစ်ဦးဖြစ်သည့် အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်တင် ခေါ် Ashraf Al က “မူဆလင်မို့လို့ လာတာမဟုတ်ဘူး။ သူက တိုင်းပြည်အတွက် ညီညီညွတ်ညွတ်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်ခဲ့တဲ့သူမို့လို့။ သူ့နေရာ တခြားတယောက်ဆိုလဲ လာဂုဏ်ပြုမှာပဲ” ဟု ပြောကြားသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကိုကျော်ကျော်ကလည်း “သူကရုတ်တရက် အက်စီးဒင့်ဖြစ်လို့၊ ရောဂါဖြစ်လို့ ဆုံးပါးသွားတာမဟုတ်ဘူး။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာ။ လူသားတိုင်းက လူမျိုးဘာသာမခွဲခြားဘဲ သူ့နောက်ဆုံးခရီး လိုက်ပို့ခဲ့ကြတာကိုကြည့်ရင် ခင်ဗျားအနေနဲ့ သူဘယ်လိုလူဆိုတာ သိနိုင်တယ်” ဟု ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အပြင်ဘက်တွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ရသည်။ ၎င်းသည် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ပြီး ပြန်လာချိန်တွင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက ယခုလုပ်ကြံမှုသည် နိုင်ငံပြုပြင်‌‌ပြောင်‌းလဲ‌ရေးလုပ်‌သူအားလုံးကို‌ ခြောက်‌ခြားသွား‌အောင်‌လုပ်သည့် ခြောက်‌ခြား‌စေသော အဖြစ်‌အပျက်‌ဟု မြင်သည်ဟု ပြောကြားသည်။

“ပြီး‌တော့သံသယ‌တွေ တအားပွား‌စေတဲ့ လုပ်‌ကြံသတ်‌ဖြတ်‌မှု ဖြစ်‌တယ်‌။ ဒီဘက်‌မှာ အကြမ်‌းဖက်‌တာ‌တွေအများကြီး၊ ဘယ်‌‌တော့မှ လက်‌သည်‌မ‌ပေါ်ဘူး။ အဲဒီဟာသည်‌ ယုံကြည်‌မှုတအားပျက်‌ပြား‌စေတယ်‌။ သံသယပွား‌စေတယ်‌။‌ လော‌လောဆယ်‌ ငြိမ်‌းချမ်‌း‌ရေးလုပ်‌‌နေတဲ့အချိန်‌မှာ ပိုဆိုးတယ်‌။ ပိုရှုပ်‌‌ထွေး‌စေတယ်။ NLD အစိုးရအတွက်‌ ကြီးမားတဲ့စိန်‌‌ခေါ်မှုလို့ မြင်‌တယ်‌။ သူတို့လဲ သတိနဲ့လုပ်‌‌နေကြတယ်‌လို့ မြင်‌တယ်‌” ဟု ၎င်းကပြောကြားသည်။

ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ ဖမ်းဆီးခံထားရသည့် လုပ်ကြံသူမှာ မန္တလေးမြို့မှ အသက် ၅၃ နှစ်အရွယ် ကြည်လင်းဖြစ်သည်ဟု သိရသည်။

၎င်းထံမှ ၉ မမ မစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်၊ ၅ လုံးပြူးသေနတ် တစ်လက်နှင့် ကျည်လေးတောင့်တို့အား သိမ်းဆည်းရမိခဲ့သည်ဟုလည်း မှတ်တမ်းတွင် ဖော်ပြထားသည်။

သတင်း-ထွန်းခိုင်