အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူများ၏ အခန်းကဏ္ဍအရေးကြီးဟု အတိုင်ပင်ခံပြော

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေးအား လွှတ်တော်တွင်း၌ ဆောင်ရွက်နေပြီး ပြည်သူများ၏ အခန်းကဏ္ဍက အရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ခုဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်တွင် ဦးဆောင်တင်သွင်းခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်နေမှုများကို ၎င်းက ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။

“ပြည်သူများအနေဖြင့် ကိုယ့်အခန်းကဏ္ဍကို မမေ့ရန်လိုအပ်ပါကြောင်း၊ မိမိတို့ိုနိုင်ငံသာမက အခြားနိုင်ငံတိုင်းတွင် ပြည်သူတစ်ဦးချင်း၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း” မတ် ၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များသည် ပြည်သူကိုကိုယ်စားပြုကြောင်းနှင့် မိမိတို့ိုနိုင်ငံတွင် ဖြစ်ပေါ်နေသည့်၊ ဆောင်ရွက်နေသည့် ကိစ္စတိုင်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပါကြောင်း” ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲကတိကဝတ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် အာဏာရရှိပြီးချိန်ကတည်းက ထိုကိစ္စနှင့်ပတ်သက်ပြီး NLD က တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်သြဂုတ်လက စင်ကာပူနိုင်ငံတွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အခြေခံဥပဒေပြင်ဆင်ရေးက ကျွန်မတို့ အစိုးရတွေထဲက ရည်မှန်းချက်တစ်ခုပါ” ဟု ပြောကြားခဲ့သည်။

ထိုနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့ ထိရှလွယ်သည့် ကိစ္စတစ်ခုအား မည်သူမှ မထင်မှတ်သည့်အချိန်၌ NLD က ရုတ်တရက် စတင်ခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆို” အား ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲပြီး အတည်ပြုခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုကြားမှ ထိုသို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကန့်ကွက်ခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံပြင်ရေး လုပ်ထုံးလုပ်နည်းမမှန်သဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီက စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ပြင်ဆင်ချက်တစ်စုံတစ်ရာ တင်သွင်းခြင်းမရှိသေးဟု သိရသည်။

တပ်မတော်အား လုပ်ပိုင်ခွင့် အများအပြားပေးအပ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုအား ထောက်ခံသည့် လူထုဆန္ဒဖော်ထုတ်ပွဲများကိုလည်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် ကျင်းပနေကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar