အဲမန္တလေးလေကြောင်းလိုင်း ပြေးဆွဲမှု ရပ်နား

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် အဲမန္တလေးလေကြောင်းလိုင်း ပြေးဆွဲမှုအား ယာယီရပ်ဆိုင်းတော့မည်ဟု လေကြောင်းလိုင်းက ကြေညာလိုက်သည်။

သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်သည့် အဆိုပါလေကြောင်းလိုင်းအား “လုပ်ငန်း ပြန်လည် ဖွဲ့စည်းမည့် အစီအစဉ် ရေးဆွဲခြင်းများ ဆောင်ရွက်ပြီးစီးပြီးနောက် အနာဂတ် ဈေးကွက်အခြေအနေ တိုးတက်ကောင်းမွန်လာသည့် အချိန်တွင် ပြန်လည်ပြေးဆွဲသွားမည်” ဟု စက်တင်ဘာ ၄ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် FMI လေကြောင်းလိုင်း ပြီးခဲ့သည့် ဇူလိုင်လက ရပ်နားသွားခဲ့ပြီးနောက် ယခုနှစ်အတွင်း ဒုတိယမြောက်ရပ်နားသည့် ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သည်။

စက်တင်ဘာ ၄ ရက်နေ့ နောက်ပိုင်း ခရီးစဉ်များအတွက် အဲမန္တလေး လေကြောင်းလိုင်းဖြင့် ကြိုတင် လေယာဉ်လက်မှတ် ဝယ်ယူထားသူများအား လေယာဉ်လက်မှတ်ခများ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်သည်။

လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေသန္တာဝင်းက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းကဏ္ဍ၌ စိန်ခေါ်မှုများ ပိုမိုများပြားလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“အဲမန္တလေးအနေဖြင့် လေကြောင်းလိုင်းများနှင့် လေကြောင်းကဏ္ဍတစ်ခုလုံး ရင်ဆိုင်ကြုံ တွေ့ နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရနှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟုလည်း ၎င်းက ပြောသည်။

အဲမန္တလေးကို ၁၉၅၀ အထူးကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက (ပြည်ပ) အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် နိုင်ငံတော် ဖက်စပ်လေကြောင်းလိုင်းတစ်ခုအဖြစ် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် နိုင်ငံတော်၏ လေကြောင်းဆက်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ကို ပံ့ပိုးပေးရန် ဖြစ်သည်ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်တွင်း၌ လေကြောင်းလိုင်း လိုင်စင်အသစ်များကို ခွင့်ပြု ချထား ပေးခဲ့ခြင်းကြောင့် အကျိုးဆက်အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများစွာ ပေါ်ထွက်လာစေပြီး ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားလာ၍ ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာခဲ့ရာ ကြီးစွာသော အရှုံးကို ခံစားရလျှက်ရှိသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလေကြောင်းလိုင်းများ ပိတ်သိမ်းကြရမည့် အခြေအနေအား ယခင်ကတည်းကပင် လေ့လာသူများက ခန့်မှန်းထားခဲ့ကြသည်။ ခရီးသည် နှစ်သန်းကျော်ခန့်သာရှိသည့် ဈေးကွက်တွင် ပြည်တွင်း လေကြောင်းလိုင်း ၁၀ ခု လုပ်ကိုင်နေခြင်းက အံ့သြဖွယ်ရာပင်ဖြစ်သည်ဟု လေကြောင်းကဏ္ဍဆိုင်ရာ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် CAPA-Centre for Aviation က ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည်။

ခရီးသည်နည်းပါးနေသည့်အချိန်တွင် လောင်စာဆီဈေး ကြီးမြင့်မှုက လက်မှတ်ဈေးနှုန်းများကို မြင့်မားစေသည်။ အထူးသဖြင့် မိုးရာသီတွင်ဖြစ်ကာ ခရီးစဉ်လမ်းကြောင်း အများစုမှာ အမြတ်အစွန်း ရရှိခြင်းမရှိပေ။

သို့သော် ဈေးကွက်က အလားအလာ အလွန်အမင်း ကောင်းမွန်သည်ဟု CAPA က ပြီးခဲ့သည့် မေလတွင် ပြောကြားခဲ့သည်။ အမြတ်အစွန်း မရရှိခြင်းနှင့် ဈေးကွက်တွင်း ပိုလျှံနေခြင်းတို့ကြောင့် ဆက်လက် ခက်ခဲနေမည်ဖြစ်ပြီး လေကြောင်းလိုင်းများ ပေါင်းစည်းရေးအတွက်ကိုမူ မလွဲမရှောင်သာ ဆောင်ရွက်ရမည်ဖြစ်သည်ဟု ပြောကြားထားသည်။ 

အဲမန္တလေး လေကြောင်းလိုင်းအနေဖြင့် ၂၀၁၄-၁၅ ခုနှစ်အတွင်း Embraer ERJ 145 ဂျက်လေယာဉ် နှစ်စီး တင်သွင်းရာတွင် ခွင့်ပြုမိန့်ရရှိရန် ကြာမြင့်ခြင်းကြောင့် လေယာဉ်ပြေးဆွဲမှု တစ်နှစ်ကျော်ကြာ မပြုလုပ်နိုင်ခဲ့ဟု အဲမန္တလေးက ပြောကြားသည်။ ၂၀၁၇-၁၈ ခုနှစ် အတွင်းတွင်လည်း လေယာဉ်တင်သွင်းခွင့် နှင့် Category B (CHAPTER II. THE UNION OF MYANMAR AIRCRAFT RULES, 1937) ဖြင့် ခရီးသည် ဝန်ဆောင်မှုလုပ်ငန်း Public Air Transport ပြုလုပ်နိုင်ရန် ခွင့်ပြုချက် လျှောက်ထားရာတွင် နှောင့်နှေး ကြန့်ကြာခဲ့ခြင်းနှင့် လေယာဉ်ပျံသန်းခွင့် (AOC Recertification) ပြန်လည် ရရှိရန် ဆောင်ရွက်ရခြင်းတို့ကြောင့် ကိုးလကြာ လေယာဉ်ပျံသန်း ပြေးဆွဲနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် အဲပုဂံနှင့် Apex လေကြောင်းလိုင်းတို့လည်း ရပ်နားသွားခဲ့သည်။  

ပြည်တွင်းမှ ခရီးသွားအများစုက လေကြောင်းဖြင့် သွားလာမှုမရှိခြင်းကြောင့် ခရီးသွးလုပ်ငန်း ကျဆင်းကာ ကမ္ဘာလှည့် ခရီးသည်အရေအတွက် နည်းပါးလာပါက လေကြောင်းလိုင်းများအပေါ် ထိခိုက်လာလိမ့်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးဝင်းခန့်က Frontier ကို ဇူလိုင်လအတွင်းက ပြောကြားခဲ့ဖူးသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.