အာရှ မီဒီယာဆုအတွက် ဆန်ကာတင်စာရင်း၌ Frontier က ၅ နေရာ ပါဝင်

အာရှဒေသ၏ ထိပ်တန်းမီဒီယာဆု ရွေးချယ်ပွဲအတွက် Frontier က ဆုငါးဆုအတွက် ဆန်ကာတင်စာရင်း ပါဝင်ခဲ့ရာ ဒေသတွင်း ဦးဆောင် သတင်းမီဒီယာတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

အာရှ ပုံနှိပ်ထုတ်ဝေသူများအသင်း (SOPA) က ၂၀၁၈ ဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းကို မေ ၁၆ ရက်နေ့ညနေတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဆုများကို ဇွန် ၁၃ ရက်နေ့တွင် ဟောင်ကောင်၌ ချီးမြှင့်မည်ဖြစ်သည်။

“တစ်ဖွဲ့လုံးအတွက် ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခြေခံမူတွေဖြစ်တဲ့ သတင်းရေးသား ဖော်ပြရာမှာ မျှတမှု၊ အဖက်ဖက်က ခြုံငုံသုံးသပ်မှုနဲ့ အခြားမည်သူမျှ မထိမတို့ရသေးတဲ့ အရေးကြီး အကြောင်းအချက်တွေကို ဖော်ပြနိုင်မှုတွေရဲ့ ရလဒ်လို့ဆိုရမှာပါပဲ” ဟု Frontier တည်ထောင်သူနှင့် ထုတ်ဝေသူ ဦးဆန်နီဆွေက ပြောကြားသည်။

“မနှစ်ကလဲ ဆုနှစ်ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာ ငါးခု တောင်ပါတယ်ဆိုတော့ စာစောင်တစ်ခုအနေနဲ့လည်းကောင်း၊ မီဒီယာအဖွဲ့အစည်း တစ်ခုအနေနဲ့လည်းကောင်း ပိုမိုရင့်ကျက်မှု ရှိလာတာကို ဖော်ပြနေပါတယ်” ဟု ဦးဆန်နီဆွေက ဆက်လက်ပြောကြားသည်။

SOPA ဒိုင်လူကြီးများက ဆုအမျိုးအစား ၁၇ ခုတွင် တစ်ခုစီအတွက် ဆန်ကာတင် သုံးခုစီကို ရွေးချယ်ခဲ့ကြသည်။ ဆုအမျိုးအစား တစ်ခုစီအတွက် ပထမနှင့် ဒုတိယဆုရသူများစာရင်းကို ဇွန် ၁၃ ရက်နေ့တွင် ဟောင်ကောင်၌ ပြုလုပ်မည့် ညစာစားပွဲတွင် ကြေညာမည်ဖြစ်မည်။

ဆန်ကာတင် ရွေးချယ်ခံခဲ့ရသော Frontier သတင်းဆောင်းပါးများမှာ အောက်ပါအတိုင်းဖြစ်သည်။

Excellence in Human Rights Reporting:For Muslims across Myanmar, citizenship rights a legal fiction”, by Thomas Manch

Excellence in Feature Writing:The muzzling of the Myanmar Times”, by Sean Gleeson

Excellence in Explanatory Reporting:That guy should be killed: Escaping a mob in Maungdaw”, by Mratt Kyaw Thu; “As Maungdaw burns, official narrative goes up in smoke”, by Nyan Hlaing Lynn; “The destruction of Tula Toli”, by Oliver Slow

Excellence in Business Reporting:Funny money in Myanmar’s fintech sector”, by Thomas Kean, Hein Ko Soe and Kyaw Phone Kyaw

Excellence in Environmental Reporting:An army, a mountain and the Asian Development Bank”, by Su Myat Mon

ဆန်ကာတင်စာရင်းတွင် ငါးနေရာ ရရှိခဲ့သည့် Frontier ၏ရှေ့တွင် South China Morning Post နှင့် တရုတ်အွန်လိုင်းသတင်းဌာနဖြစ်သည့် Sixth Tone တို့သာ ရှိနေသည်။ ဆန်ကာတင်စာရင်း၌ ပါဝင်သူများတွင် ကမ္ဘောဒီးယားမှ Phnom Penh Post၊ ဂျပန်မှ Nikkei Asian Review နှင့် ဖိလစ်ပိုင်မှ Rappler တို့လည်း ပါဝင်သည်။

“ဒါဟာ ကမ္ဘာကမသိသေးတဲ့ မြန်မာ့သတင်းတွေကို ကမ္ဘာက သိရှိအောင် ကျွန်တော်တို့အဖွဲ့ရဲ့ ကြိုးပမ်း အားထုတ်မှုကို နောက်ထပ် အသိအမှတ်ပြု ခံလိုက်ရတာပါပဲ။ အထူးသဖြင့် ကျွန်တော်တို့အတွက်တော့ ဒီလို အကြောင်းအရာ အမျိုးမျိုးပါဝင်တဲ့ ဆောင်းပါးတွေ ဆန်ကာတင် ပါဝင်လာလို့ ပိုကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာက မီးမောင်းထိုးနေတဲ့ ပြဿနာတွေကိုသာမက အကြောင်းအရာ ခေါင်းစဉ် အမျိုးမျိုးကို အရည်အသွေးမြင့်မြင့်နဲ့ တင်ဆက်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ” ဟု Frontier ၏ အယ်ဒီတာချုပ် မစ္စတာသောမတ်စ်ကင်းန်က ပြောသည်။

၂၀၁၇ ခုနှစ်ကလည်း Frontier သည် SOPA ဆုပေးပွဲ၌ Excellence in Photography ကဏ္ဍ၌ ဂုဏ်ပြု ဖော်ပြခံခဲ့ရပြီး ရခိုင်ပြည်နယ်အကြောင်း ဆောင်းပါးများအတွက် Excellence in Explanatory Reporting ကဏ္ဍတွင်လည်း ဆန်ကာတင်စာရင်း ပါဝင်ခဲ့သည်။

သတင်းရေးသားဖော်ပြမှုများအတွက် ပေးအပ်သည့် SOPA ဆုများကို ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာရှပစိဖိတ်ဒေသတွင် အလေးစားခံရဆုံးဆုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ ပြိုင်ပွဲဝင်များကို မီဒီယာကျွမ်းကျင်သူ ၁၀၀ ကျော် ပါဝင်သော ရွေးချယ်ရေးအဖွဲ့က အာရှဒေသမှ ထိပ်တန်းသတင်းစာပညာ သင်ကျောင်းများမှ ပညာရှင်များနှင့်အတူ ညှိနှိုင်းရွေးချယ်ကြခြင်း ဖြစ်သည်။

ယခုနှစ်တွင် ဆုကဏ္ဍအမျိုးအစား ၁၇ မျိုးအတွက် ပါဝင်ယှဉ်ပြိုင်အရွေးခံသူ ၈၅၀ ရှိခဲ့ရာ လေးနှစ်ဆက်တိုက် စံချိန်တင်အရေအတွက်ဖြစ်သည်ဟု SOPA မှ သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar