ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်းလှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်း ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြသူများကို ဖေဖော်ဝါရီ၂၅ရက်က ရန်ကုန်မြို့တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ကူညီထောက်ပံ့ခြင်း

စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများနှင့် လုံခြုံမှုကင်းမဲ့သော အခြေအနေများအောက်မှပင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်နေသောဝန်ထမ်းများအား အရှိန်အဟုန်မြှင့်၍ ကူညီထောက်ပံ့နေကြသည်။

ဖရွန်းတီးယားမြန်မာ

ရန်ကုန်ဆေးတက္ကသိုလ်(၂)တွင် ဘွဲ့လွန်သင်တန်းတက်ရောက်နေသော လက်ထောက်ဆရာဝန် ဒေါက်တာစုစုအတွက် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်း (CDM)လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းသည် လွယ်ကူသည့် ဆုံးဖြတ်ချက်တော့မဟုတ်ခဲ့ပေ။

“ကျမက ချမ်းသာတဲ့မိဘတွေဆီက မွေးလာတာမဟုတ်ဘူး။ ကျမအဖေနဲ့အမေက အငြိမ်းစားအစိုးရ ဝန်ထမ်းတွေ။ ကျမဆေးတက္ကသိုလ်တက်နိုင်ဖို့ သူတို့အတော်ပင်ပန်းခဲ့ကြတယ်။ CDMထဲ ဝင်တော့မယ်လို့ ကျမပြောတော့ သူတို့ငိုယိုခဲ့ကြတယ်”ဟု ဒေါက်တာစုစု (လုံခြုံရေးကြောင့် အမည်ပြောင်းလဲထားပါသည်) ကပြောသည်။

အစိုးရဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော ၎င်း၏လစာမှာ တစ်လလျှင် ငွေကျပ် ၂၈၀,၀၀၀ သာဖြစ်သည်။ ယင်းပမာဏသည် ဘွဲ့လွန်ဆေးကျောင်းသူတစ်ဦးအတွက် လုံလောက်သည့် လစာမဟုတ်ပေ။

“မိဘတွေကို ဝန်မပိုစေချင်တဲ့အတွက် တက်နိုင်သလောက် လောက်ငှအောင်သုံးရတယ်”ဟု သူကဆိုသည်။

CDMလှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းအများစုသည် ဖေဖော်ဝါရီလအတွက် လုပ်ခလစာများ မရရှိခဲ့သဖြင့် ငွေကြေးအခက်အခဲရှိသည့်တိုင် ဒေါက်တာစုစုကတော့ နောင်တမရခဲ့ပေ။ ဆွေမျိုးသားချင်းများက ၎င်းကို တတ်နိုင်သလောက် ကူညီပံ့ပိုးပေးကြသည်။

“ဆွေမျိုးတွေက ငွေအတွက် ဘာမှစိတ်မပူဖို့ပြောတယ်။ ဖေဖော်ဝါရီလအတွက် သူတို့ကူညီမယ်လို့ ပြောတယ်”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

CDMလှုပ်ရှားမှုတွင်ပါဝင်ခြင်းကြောင့် ငွေကြေးအကျပ်အတည်းကြုံတွေ့နေရသည်မှာ ဒေါက်တာစုစု တစ်ဦးတည်းတော့ မဟုတ်ပေ။ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ၂ရက်တွင် ကျန်းမာရေးဝန်ထမ်းများ စတင်လိုက်သော ငြိမ်းချမ်းစွာအာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နိုင်ငံတဝန်းက အစိုးရဝန်ထမ်းများထံသို့ ကူးစက်ပျံနှံ့သွားသည်။

လက်ရှိအချိန်တွင် လစာမရသည့်အပြင် CDM လုပ်သည့်ဝန်ထမ်းများ အစိုးရဝန်ထမ်းအိမ်ရာများ၊ လိုင်းခန်းများမှ ထွက်ခွာရန် စစ်ကောင်စီ စတင်မောင်းထုတ်နေပြီဖြစ်သည်။ အချို့ဒေသများရှိ အစိုးရဝန်ထမ်းများမှာ CDMလှုပ်ရှားမှုတွင် ဆက်လက်ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြသဖြင့် ဝန်ထမ်းအိမ်ရာများကို စွန့်ခွာခဲ့ကြပြီးဖြစ်သည်။

တိကျသောအချက်အလက်များမရှိသော်လည်း CDMလှုပ်ရှားမှုတွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းအရေအတွက်သည် သိန်းနှင့်ချီ၍ ရှိနေနိုင်သည်ဟု ဖရွန်းတီးယားမြန်မာက ခန့်မှန်းတွက်ချက်သည်။ နိုင်ငံအနှံ့ ဆေးရုံပေါင်း ၁,၂၀၀ခန့်အနက်မှ ဆေးရုံ၃၀၀ကျော်သည် ကျန်းမာရေးဝန်ထမ်းများ၏ CDMလှုပ်ရှားမှုကြောင့် လုံးဝပိတ်သိမ်းသွားခဲ့ရသည်။ တက္ကသိုလ်နှင့် ကောလိပ်၄၀ကျော်ကလည်း “CDM တက္ကသိုလ်များ”အဖြစ် ကြေညာခဲ့သည်။ ထို့ပြင် CDM လှုပ်ရှားမှုသည် ဗဟိုဘဏ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့အထိပါ ပျံ့နှံ့ခဲ့သည်။

လူတစ်ဦးလျှင် ကျပ်၂,၀၀၀လှူဒါန်းမှုအစီအစဉ်ကို စတင်ခဲ့သည့် ပီတိအဖွဲ့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် လက်ခံရရှိသည့် အလှူငွေပမာဏကြေညာထားသည်ကို မြင်တွေ့ရစဉ်။ (ပီတိအဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

များပြားလှတဲ့ ကူညီရေးအဖွဲ့များ ပေါ်ပေါက်လာ

သိန်းနှင့်ချီရှိနိုင်သော CDMဝန်ထမ်းများသည် ဒေါက်တာစုစုကဲ့သို့ ငွေရေးကြေးရေးအတွက် ဆွေမျိုးသားချင်းများကို မှီခိုနိုင်သည့် အခြေအနေတွင် မရှိပေ။ လှုပ်ရှားမှုကာလကြာမြင့်လာသည်နှင့်အမျှ လစာမရရှိသောကြောင့် ဝန်ထမ်းအများစုသည် ငွေကြေးကျပ်တည်းမှု ရင်ဆိုင်လာကြသည်။

အထူးသဖြင့် နိုင်ငံရေးသမားများနှင့် လူသိများသော အနုပညာရှင်များ၏ ဦးစီးဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလလယ်တွင် CDMထောက်ပံ့ရေး အဖွဲ့အစည်းများ စတင်ထွက်ပေါ်လာသည်။ အဆိုပါအဖွဲ့အစည်းများသည် ငွေကြေးလှူဒါန်းမှုအများအပြား လက်ခံရရှိခဲ့ကြသည်။ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကလည်း အဆိုပါအဖွဲ့အစည်းများထံသို့ လှူဒါန်းငွေအများအပြားကို ပေးပို့ခဲ့ကြသည်။

CDM ထောက်ပံ့ရေးအဖွဲ့တစ်ခုဖြစ်သော အစိုးရဝန်ထမ်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (မြန်မာအင်ဂျင်နီယာများ)အဖွဲ့ ခေါင်းဆောင်တစ်ဦးက ၎င်းတို့အဖွဲ့သည် ပြည်တွင်းပြည်ပ လှူဒါန်းမှု ကျပ်သိန်း၅၀၀ကျော် လက်ခံရရှိခဲ့ပြီး CDMဝန်ထမ်းများထံသို့ ပေးပို့ခဲ့ကြောင်း ဆိုသည်။ သို့သော် လှူဒါန်းငွေများ ဆက်လက်လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။

“ဒါက လူသုံးရာကျော်စာလောက်ပဲ ကူညီနိုင်သေးတယ်။ ဖေဖော်ဝါရီ၁၆ရက် အထိတောင် လာလျှောက်သူက ၆၀၀ကျော်တယ်”ဟု သူကပြောသည်။

“21 Savage MM၊ ၂/ ၂၀၂၁ခိုင်မြဲသောလက်များ၊ ပီတိ၊ ရုန်းထွက်စို့” စသည့် အဖွဲ့များသည်လည်း CDMလှုပ်ရှားမှုကို ထောက်ပံ့နေသည့် အဓိကအဖွဲ့အစည်းများဖြစ်ပြီး အများပြည်သူထံမှ လက်ခံရရှိသည့် လှူဒါန်းငွေများကို CDMတွင်ပါဝင်သည့် အစိုးရဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့သည်။ ပီတိအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့အဖွဲ့သည် အစိုးရဝန်ထမ်း ၂၀၀ကျော်ကို သိန်းရာနှင့်ချီ၍ ထောက်ပံ့ထားပြီး အကူအညီတောင်းခံသူ ဝန်ထမ်းဦးရေ ဆက်လက်မြင့်တက်နေသည်ဟု ဆိုသည်။

ပီတိအဖွဲ့သည် KBZ Payနှင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တဆင့်လှူဒါန်း၍ရသော “စုပေါင်းကူညီ ၂၀၀၀ စီ”အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည့် ပရဟိတအဖွဲ့တစ်ခုဖြစ်ပြီး ယင်းအစီအစဉ်ကတစ်ဆင့် မတ်၇ရက်အထိ သိန်း၅၀ကျော် လက်ခံရရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထပ်မံအကူအညီ တောင်းခံထားသော ပညာရေးဝန်ထမ်း ၆၀၀ကျော်ကို ထောက်ပံ့နိုင်ရန် အလှူငွေများစွာ လိုအပ်နေဆဲဖြစ်သည်ဟု ပီတိအဖွဲ့၏ အဖွဲ့ဝင်ကပြောသည်။

21 Savage MM အဖွဲ့သည် CDMလုပ်ဆောင်နေသည့် အစိုးရဝန်ထမ်းများကို ငွေကြေးအရ ကူညီနေသည့် အဖွဲ့အစည်းများအနက်က တစ်ခုဖြစ်သည်။ (ဓာတ်ပုံ | 21 Savage MM ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

CDM ထောက်ပံ့ရေးအဖွဲ့အစည်းများအတွက် ရန်ပုံငွေလိုအပ်ချက်သာမက နောက်ထပ်စိန်ခေါ်မှု တစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ အာဏာသိမ်းစစ်ကောင်စီ၏ နှောက်ယှက်မှုများ ကြုံတွေ့လာရခြင်းဖြစ်သည်။ ထောက်ပံ့ရေးအဖွဲ့အစည်းများသည် လူမှုကွန်ရက်တွင် ‌ကြေညာထားသော ၎င်းတို့၏ဖုန်းနံပါတ်များ အဝင်ခေါ်ဆိုမှု အပိတ်ခံထားရသည်ကို ဖေဖော်ဝါရီ၊ ဒုတိယမြောက် ရက်သတ္တပတ်တွင် စတင်သတိထားမိခဲ့ကြသည်။ ယင်းကြောင့် အဆိုပါအဖွဲ့များက အကူအညီရယူလိုသည့် အစိုးရဝန်ထမ်းများနှင့် အလှူရှင်များကို လူမှုကွန်ရက်များဖြစ်သည့် Viber နှင့် Facebook တို့မှတစ်ဆင့် ဆက်သွယ်ရန် တိုက်တွန်းခဲ့ရသည်။

သို့တိုင် CDMဝန်ထမ်းများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များသည် တယ်လီဖုန်းနှင့်ဆက်သွယ်မှုကို အဓိကအားထားရသည်ဖြစ်ရာ ဖုန်းအဝင်ခေါ်ဆိုမှုများကို ပိတ်ဆို့လိုက်ခြင်းက ၎င်းတို့၏ မူလလုပ်ငန်းများကို ထိခိုက်စေခဲ့ကြောင်း ပီတိအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တစ်ခုစိုးရိမ်မိတာက ကျနော်တို့ရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပစ်မှာ စိုးတာပေါ့။ အဲဒီအကောင့်တွေက တစ်ဆင့် ခြေရာခံလိုက်ရင် ကျနော်တို့ လုံခြုံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လို အခက်အခဲတွေရှိရှိ ကျနော်တို့ကတော့ ဒီထောက်ပံ့မှုတွေကို ဆက်လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ထောက်ပံ့ရေးအဖွဲ့များအတွက် အခြားစိန်ခေါ်မှုတစ်ခုမှာ အာဏာဖီဆန်ရေးတွင် ပါဝင်၍ အကူအညီတောင်းခံလာသော ဝန်ထမ်းများ၏ အချက်အလက်များ မှန်၊ မမှန်ကို စိစစ်အတည်ပြုရခြင်းဖြစ်သည်ဟု အဆိုပါပီတိအဖွဲ့ဝင်ကဆိုသည်။

“ဒီကာလမှာက လူလိမ်လား၊ တကယ်လား ကျနော်တို့ စိစစ်ရပါတယ်။ ကျနော်တို့က သူတို့အချက်အလက်တွေ မှန်၊ မမှန် သက်သေခံကတ်ပြားတချို့ကို တောင်းတယ်။ ဒါပေမဲ့ တချို့ဝန်ထမ်းတွေက ကျွန်တော်တို့ကို မယုံတာ၊ မပေးရဲတာတွေ တွေ့ရတယ်”ဟု ၎င်းကပြောသည်။

အမည်တစ်စုံတရာမရှိဘဲ တစ်နိုင်တစ်ပိုင်ထောက်ပံ့နေသော အဖွဲ့အစည်းငယ်နှင့် တစ်သီးပုဂ္ဂလ အလှူရှင်များလည်း ရှိသည်။ အမည်မဖော်လိုသော ပြင်ပဆရာဝန်တစ်ဦးက မိတ်ဆွေလေးဦးနှင့်စုပေါင်း၍ အလှူငွေများ စုဆောင်းကာ ရင်းနှီးပြီးသား ကျန်းမာရေးအသိုင်းအဝိုင်းရှိ CDMဝန်ထမ်းများကို ကျပ်သိန်း၆၀၀ခန့် ထောက်ပံ့ပေးခဲ့သည်။

“ကျမတို့မှာ ဖေ့စ်ဘွတ်ခ်ပေ့ချ်မရှိဘူး။ ဝိုင်းဝန်းလှူဒါန်းကြဖို့ နီးစပ်ရာဝန်းကျင်ကို ကျမတို့က လှုံ့ဆော်တယ်။ CDMဝန်ထမ်းတွေကို ‌တက်နိုင်သမျှလေး လုပ်ပေးချင်လို့ စခဲ့တာဖြစ်ပါတယ်။ ကျမတို့က ကျမတို့နဲ့နီးစပ်ပြီးသား CDMဝန်ထမ်းတွေကို ပိုထောက်ပံ့ဖြစ်ပါတယ်။ အပြင်က ဆက်သွယ်လာရင်တော့ အချက်အလက်အတည်ပြုရတာတွေ ခက်ခဲတော့ ထောက်ပံ့ဖို့ခက်ခဲပါတယ်”ဟု အဆိုပါ အမျိုးသမီးဆရာဝန်က ပြောသည်။

မတ်၅ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးအနီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကိုင်ဆောင်၍ပါဝင်နေသူ အမျိုးသမီးတစ်ဦးကို မြင်ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ရေခြားမြေခြားက အကူအညီများ

တချိန်တည်းမှာပင် ဂျပန်၊ စင်္ကာပူ၊ ထိုင်းနှင့် အနောက်ဥရောပနိုင်ငံများမှ မြန်မာများကလည်း CDMဝန်ထမ်းများအတွက် ရက်ရက်ရောရော လှူဒါန်းလျက်ရှိသည်။ ဂျပန်တစ်နိုင်ငံတည်းမှာပင် CDMထောက်ပံ့ရေးအဖွဲ့ လေးခုရှိသည်ဟု We Love Myanmar (Japan)အဖွဲ့ဝင် ကိုမျိုးသန်းထိုက် (ခေါ်) ကိုမျိုးကြီးကဆိုသည်။

ဂျပန်တွင် အကြီးဆုံးCDMထောက်ပံ့ရေးအဖွဲ့ဖြစ်သည့် WLMက ဖေဖော်ဝါရီ၂၀ရက်အထိ အလှူငွေ ကျပ်သိန်း၁,၀၀၀ကျော် လက်ခံရရှိခဲ့ပြီးဖြစ်သည်။ ပြည်တွင်းရှိ CDMထောက်ပံ့ရေးအဖွဲ့အစည်းများနှင့် CDMတွင်ပါဝင်သောဝန်ထမ်းများထံ ကျပ်သိန်း၈၀၀ ခန့်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ကိုမျိုးကြီးက ပြောသည်။ (ယင်းပမာဏများမှာ ဖေဖော်ဝါရီ၂၀ရက်ဝန်းကျင်က ရှိသည့်စာရင်းအတိုင်းဖြစ်ပြီး ယခုတွင် ယင်းထက်ပိုမိုများပြားနိုင်သည်)

“CDMဝန်ထမ်းအားလုံးကို လေးလည်းလေးစားတယ်။ အရှုံးမပေးကြဖို့လည်း ကျနော်မေတ္တာရပ်ခံ ချင်ပါတယ်။ ကျနော်တို့ထောက်ပံ့ပေးဖို့လည်း အမြဲအသင့်ရှိနေတယ်။ မကြာခင် ကျနော်တို့ နိုင်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံက CDMဝန်ထမ်းများကို လှူဒါန်းကြသည့် ပြည်ပရောက်မြန်မာလူမျိုးများတွင် ချမ်းသာကြွယ်ဝသည့်နိုင်ငံများတွင် နေထိုင်သူများသာမက ချို့တဲ့သည့်အခြေအနေတွင် ရုန်းကန်လှုပ်ရှားသူများလည်းပါဝင်သည်။

ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာလုပ်သားများကလည်း ၎င်းတို့၏ ချွေးနှဲစာ လုပ်ခလစာများထဲမှ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာအာဏာဖီဆန်နေကြသည့် အစိုးရဝန်ထမ်းများအတွက် အလှူငွေများ ပေးပို့ခဲ့ကြသည်။

“ပထမအသုတ်အဖြစ် ရန်ကုန်ကအဖွဲ့အစည်းတစ်ခုကို သိန်း၁၀၀ပို့ပေးခဲ့တယ်။ ဒုတိယအသုတ်က နေပြည်တော်ကို သိန်း၅၀ပို့ပေးပြီးဖြစ်ပါတယ်။ ကျမတို့ အောင်မြင်သည်အထိ ထောက်ပံ့ပေးသွားမှာမို့ CDMဝန်ထမ်းတွေကို အားမငယ်ကြဖို့ အားပေးချင်ပါတယ်”ဟု ဘန်ကောက်မြို့က ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်၊ အခွင့်အလမ်းများ ရှားပါးကျပ်တည်းသည့်ဒဏ်ကို အပြင်းအထန်ခံစားနေရသော်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ၎င်းတို့၏ချွေးနှဲစာ လုပ်ခများ လှူဒါန်းခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကြခြင်းဖြစ်သည်။

ထိုနည်းတူ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုက မြန်မာများကလည်း CDMဝန်ထမ်းများအတွက် ငွေကြေးပေးပို့၊ ထောက်ပံ့လျက်ရှိသည်။

ဖေဖော်ဝါရီ၂၀ရက်က RFAသတင်းဌာန၏ဖော်ပြချက်အရ တောင်ကိုးရီးယားရောက် မြန်မာများက ကျပ်သိန်း၈၃၀ကျော်နှင့် အမေရိကန်၊ လော့အိန်ဂျယ်လိစ်ရောက် မြန်မာများက ကျပ်သိန်း၈၄၀ကျော် CDM ဝန်ထမ်းများအတွက် ပေးပို့လှူဒါန်းခဲ့သည်ဟု သိရသည်။

ပြည်ပရောက်မြန်မာများက တက်တက်ကြွကြွလှူဒါန်းကြသော်လည်း အခက်အခဲတစ်ခုမှာ ပြည်ပမှ ပြည်တွင်းသို့ ငွေကြေးလွှဲပြောင်းမှုလမ်းကြောင်းဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် အစိုးရဝန်ထမ်းများသာမက ဘဏ်လုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများကပါ အင်တိုက်အားတိုက်ပါဝင်နေရာ လက်ရှိတွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည်။ ယင်းကြောင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ CDMထောက်ပံ့ငွေများ လွှဲပြောင်းရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။

သို့သော် ပြည်ပရောက်အလှူရှင်များကမူ နည်းလမ်းသစ်များရှာဖွေ၍ ပြည်တွင်းသို့ CDM လှုပ်ရှားမှုအတွက် ထောက်ပံ့ငွေများ မရောက်ရောက်အောင် ပို့ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။

ယင်းသို့ CDMထောက်ပံ့ရေးလှုပ်ရှားမှုများ အားကောင်းလာသဖြင့် စစ်ကောင်စီသည် အဆိုပါအစီအစဉ်ကို ဖြိုခွင်းရန် စတင်လာသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် CDM ထောက်ပံ့ရေးအစီအစဉ်များတွင် တက်တက်ကြွကြွပါဝင်နေသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား၍ လိုက်လံဖမ်းဆီးလျက်ရှိသည်။ ထို့ပြင် CDMလှုပ်ရှားမှု အားလျော့သွားစေရန် မိုဘိုင်းတယ်လီဖုန်းအင်တာနက် လိုင်းများကိုလည်း ဖြတ်တောက်ထားသည်။

သို့သော် CDMလှုပ်ရှားမှုများကို ရသည့်နည်းလမ်းဖြင့် ဆက်လက်ကူညီပံ့ပိုးသွားမည်ဟု စေတနာ့ဝန်ထမ်းအဖွဲ့အစည်း၁၀ခုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပရဟိတအဖွဲ့တစ်ခု၏ ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“စလုပ်ကတည်းက အခက်အခဲတွေတော့ အများကြီးပဲ။ လက်ရှိအခြေအနေမှာတော့ တစ်ချို့သူတွေကို အချိန်မှီ အကူအညီ မပေးနိုင်တာမျိုးရှိတယ်။ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်ကို အခြေပြုပြီး လှုပ်ရှားလို့ရနိုင်မယ့် ပုံစံမျိုးတွေလုပ်ဖို့ စီစဉ်နေပါတယ်။ ကျမတို့အဖွဲ့တွေနဲ့ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)နဲ့ ချိတ်ဆက်ဆောင်ရွက်တာမျိုးတွေလည်း လုပ်နေတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဦးဆောင်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် CDM ဝန်ထမ်းများကိုလည်း ထည့်သွင်းထားပြီး ယင်းအဖွဲ့က ဝန်ထမ်းများအတွက် ထောက်ပံ့ရေးအစီအစဉ်များကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ (ဓာတ်ပုံ | CRPH ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

ရွေးကောက်ခံအမတ်များဦးဆောင်သော ထောက်ပံ့ရေးအစီအစဉ်

စစ်ကောင်စီက CDMထောက်ပံ့ရေးလုပ်ငန်းများကို ဖြိုခွင်းရန်ကြိုးပမ်းနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)အဖွဲ့ဝင် ရွေးကောက်ခံကိုယ်စားလှယ်များ ဦးဆောင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကမူ CDMလှုပ်ရှားမှု အားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိသည်။

CDMတွင် ပါဝင်သော အစိုးရဝန်ထမ်းများကို ကြားကာလအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အရပ်သားအစိုးရအုပ်ချုပ်သည့် ပုံမှန်အခြေအနေပြန်ရောက်သောအခါ ဝန်ထမ်းများကို မူလရာထူး ပြန်လည်ပေးမည်ဟု CRPHက စည်းရုံးခဲ့သည်။

CRPHဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ အလုပ်သမားစသည့် ဝန်ကြီးဌာနသုံးခုအတွက် ဝန်ကြီးအဖြစ်တာဝန်ယူထားသူ ဒေါက်တာဇော်ဝေစိုးက CDMတွင် ပါဝင်လာခြင်းမရှိသေးသော အစိုးရဝန်ထမ်းများကို မတ်၃၁ရက်နောက်ဆုံးထား၍ လှုပ်ရှားမှုတွင်ပါဝင်ရန် တိုက်တွန်းခဲ့သည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက အင်န်အယ်ဒီပါတီ၏ ညွှန်ကြားချက်ဖြင့် CDMထောက်ပံ့ရေးအဖွဲ့များကို မြို့နယ်တိုင်းတွင် ဖွဲ့ထားသည်ဟု ဆိုသည်။

“အဖွဲ့တိုင်းကို အမတ်တွေက ဦးဆောင်ပါလိမ့်မယ်။ ကျနော်တို့မြို့နယ်အတွက်တော့ CDM ဝန်ထမ်းတွေရဲ့ အချက်တွေကို စုနေတယ်။ အလှူငွေကတော့ ကျပ်သိန်း၆၀လောက်ရနေပြီ”ဟု ၎င်းက ဖေဖော်ဝါရီ၂၃ရက်က ပြောသည်။

အဆိုပါအဖွဲ့များသည် ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနစသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလက်တံများ၏ရန်မှ ရှောင်တိမ်း၍ တိတ်တဆိတ်လှုပ်ရှားနေရကြောင်းနှင့် အဖွဲ့ဝင်များသည်လည်း စစ်ကောင်စီ၏ဖမ်းဆီးမှုမခံရအောင် တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ၎င်းကဆိုသည်။

“ကျနော်အိမ်မှာ မအိပ်တော့တာ ရက်အတော်ကြာပါပြီ။ ပြီးခဲ့တဲ့ သုံးရက်က ရဲတွေရောက်လာပြီး ကျနော့်ကို လာရှာကြတယ်”ဟု ဦးအောင်ကျော်ကျော်ဦးက ဖေဖော်ဝါရီ၂၃ရက်က ပြောသည်။

လှိုင်မြို့နယ်အတွင်းက CDMဝန်ထမ်းများအနေဖြင့် ၎င်းတို့အဖွဲ့ထံ တိုက်ရိုက်ဆက်သွယ်ရန် စိုးရွံ့နေခြင်းကြောင့် စိတ်ချရသည့် အင်တာနက်စာပို့စနစ်မှသာ တစ်ဆင့်ဆက်သွယ်ရန် အသိပေးထားကြောင်း ၎င်းကဆိုသည်။

အာဏာပိုင်များက CDMထောက်ပံ့ရေးအဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ ထောက်ပံ့မည့် အဖွဲ့အစည်းသာမက ထောက်ပံ့မှုကို ရယူမည့် အစိုးရဝန်ထမ်းများအတွက်ပါ သတိကြီးစွာထား၍ လှုပ်ရှားနေရသည့် အခြေအနေဖြစ်သည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က CDMထောက်ပံ့ရေးအဖွဲ့ကမူ ဖေဖော်ဝါရီနောက်ဆုံးအပတ်အထိ CDMဝန်ထမ်း၃၈ဦးကို ၎င်းတို့၏ မူရင်းလစာနှုန်းထားများအတိုင်း ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဖွဲ့ဝင်ရှစ်ဦးပါ ထောက်ပံ့ရေးအဖွဲ့က ဝန်ထမ်းများအား ကျပ်၈၂သိန်းကျော် ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု အင်းစိန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ အဆိုပါငွေများကို စစ်အာဏာရှင်စနစ် မုန်းတီးရွံရှာသော ပုဂ္ဂိုလ်များက လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

CMDလှုပ်ရှားမှုသည် လနှင့်ချီကြာမြင့်နိုင်သဖြင့် အချိန်ကြာမြင့်သည်အထိ ငြိမ်းချမ်းစွာအာဏာဖီဆန်မှု ပြုလုပ်နိုင်ရန် ပိုမိုစိတ်ချရပြီး အားကောင်းမောင်းသန်ဖြစ်သည့် CDMထောက်ပံ့ရေးလုပ်ငန်းစဉ် လိုအပ်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

CDMလှုပ်ရှားမှုကို ထောက်ပံ့မည့်သူများဘက်တွင်သာမက အထောက်အပံ့ရယူမည့် အစိုးရဝန်ထမ်းများအတွက်ပါ စိန်ခေါ်မှုနှင့် အန္တရာယ်က ဒွန်တွဲနေသည်။ ဒေါက်တာစုစုသည် ဖေဖော်ဝါရီလအတွက် ဆွေမျိုးများထံမှ ငွေကြေးထောက်ပံ့မှု ရယူခဲ့သော်လည်း ရေရှည်ရပ်တည်ရေးမှာ အလိုအလျောက်စိန်ခေါ်မှုရှိလာသည်။

“ဘယ်အဖွဲ့ကမှ ဆက်သွယ်လာတာမရှိသေးဘူး။ ကျမကလည်း မဆက်သွယ်ဖြစ်ဘူး။ လုပ်ရမယ့် အဆင့်တွေက ရှုပ်တာလည်းပါတယ်။ ပြီးတော့ ဒီလ ဖေဖော်ဝါရီလက ပူဖို့မလိုသေးဘူးလေ။ မတ်လအတွက်တော့ မသေချာဘူး။ လကုန်ရင် ဆက်သွယ်ဖြစ်မယ်ထင်တယ်”ဟု ၎င်းကပြောသည်။

မီးရထားဝန်ထမ်းတစ်ဦးက အများပြည်သူမှလှူဒါန်းသည့် ဆန်နှင့်ဆီကို လက်ခံရယူစဉ်။ (ဓာတ်ပုံ |​ ဖရွန်းတီးယားမြန်မာ)

မီးရထားဝန်ထမ်းများ အာဏာဖီဆန်ခြင်း

နိုင်ငံတဝန်း အင်အား ၃၀,၀၀၀ခန့်ရှိသော မြန်မာ့မီးရထားဝန်ထမ်းများ CDMလှုပ်ရှားမှုတွင် တစ်ခဲနက်ပါဝင်မှုကြောင့် ဖေဖော်ဝါရီမှစတင်၍ မီးရထားပြေးဆွဲမှုလုပ်ငန်းများ ၉၀ရာခိုင်နှုန်းခန့် ရပ်တန့်သွားသည်။

မြို့ပတ်ရထားစက်ခေါင်းပြင်စက်ရုံ(RBE)က လက်ထောက်အထွေထွေမန်နေဂျာ ဦးဌေးလှက အကြီးတန်းအရာရှိများ ဦးဆောင်ပါဝင်မှုကြောင့် မြန်မာ့မီးရထားဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDMလှုပ်ရှားမှု အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

CDMတွင်ပါဝင်လှုပ်ရှားသဖြင့် စစ်ကောင်စီ၏အရေးယူခြင်းမခံရစေရန် ရှောင်တိမ်းနေရသူ ဦးဌေးလှသည် လာမည့်နှစ်တွင် လုပ်သက်ပြည့်ပင်စင်ရရှိတော့မည့်သူ ဖြစ်သည်။ ပင်စင်ယူရန် တစ်နှစ်သာ လိုတော့သည့်တိုင် ယင်းအခွင့်အရေးကို ဆုံးရှုံးခံပြီး ၎င်း၏ဌာနရှိ ဝန်ထမ်းများ CDMလှုပ်ရှားမှုတွင် ပါဝင်လာစေရန် ဦးဌေးလှက ဦးဆောင်ခဲ့သည်။

“မပါဘဲနေရင် အနေသာကြီး။ ဒါပေမဲ့ အာဏာသိမ်းတာက မတရားလွန်းလို့ကို ကျနော်ထလုပ်တာ။ အာဏာသိမ်းခံရတဲ့အကြောင်း အခုပြောရင် အခုစိတ်ဆိုးတယ်”ဟု ၎င်းကပြောသည်။

၎င်းတို့၏ CDMလှုပ်ရှားမှုအောင်မြင်သဖြင့် စစ်ကောင်စီက မီးရထားဝန်ထမ်းများကို ပစ်မှတ်ထားလာသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရထားဝန်ထမ်းအချို့ကို ဖမ်းဆီးရန် စတင်ရှာဖွေလာသည်။ ၎င်းတို့၏ မိသားစုဝင်များကို ခြိမ်းခြောက်မှုများလည်းရှိလာသည်။

ယင်းသို့ ဖိနှိပ်မှုများ ခံစားရသောအခါ ပြည်သူများက မီးရထားဝန်ထမ်းများထံသို့ ဆန်၊ ဆီ၊​ ဆား စသည့် အစားအသောက်၊ အထောက်အပံ့များ နေ့စဉ်ပေးပို့လာကြသည်။ တာမွေမြို့နယ်၊ မလွှကုန်းဘူတာတွင် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး လှူဒါန်းမှုများကို ရန်ကုန်တိုင်းအတွင်းရှိ ဌာနပေါင်းစုံက CDMပြုလုပ်နေသည့် မီးရထားဝန်ထမ်းများထံ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ကြောင်း ဦးဌေးလှက ဆိုသည်။

CDMမီးရထားဝန်ထမ်းများကို ဖိအားပေးသည့်အနေဖြင့် မတ်၁၀ရက်က တာမွေမြို့နယ်၊ မလွှကုန်းဘူတာဝင်းအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲသည်ကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“အလှူတွေအတော်များများက မလွှကုန်း၊ အင်းစိန် အဲဒီလို မီးရထားစက်ရုံကြီးတွေပဲ ရောက်ကြတယ်။ လက်မှတ်စစ်၊ ရထားထိန်းနဲ့ သံလမ်းပြင်အလုပ်သမားလေးတွေကိုကျ လူတွေက သတိမထားမိကြဘူး။ ဒါကြောင့် သူတို့ဆီလည်း အလှူတွေရောက်သွားအောင် ကျနော်တို့ကတော့ ကူညီနေတယ်”ဟု ၎င်းက ဆိုသည်။ 

မီးရထားဝန်ထမ်းများကို စစ်ကောင်စီက ဖေဖော်ဝါရီလအတွက် လုပ်ခလစာထုတ်ပေးခဲ့သော်လည်း ဝန်ထမ်းတိုင်း လစာမရခဲ့ကြောင်း ဦးဌေးလှက ပြောသည်။ မီးရထားစက်ရုံများတွင် ဝန်ထမ်းများ၏ လစာအတွက် ငွေတောင်းခံလွှာကို မန်နေဂျာ၏လက်မှတ်ဖြင့် လစဉ်တင်ရလေ့ရှိပြီး ဖေဖော်ဝါရီအတွက်လစာကို စက်ရုံအချို့က မတင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျနော့်စက်ရုံဆို မတင်ဖြစ်ဘူး။ လက်နှိပ်စက်ရိုက်တဲ့ စာရေးမကအစ လက်မှတ်ထိုးမယ့် ကျနော်ပါ CDMလုပ်နေပြီး ရုံးမှာမရှိတော့ မတင်ဖြစ်ဘူး။ ၁၀၅ယောက်လုံး လစာမရဘူး။ အင်းစိန်စက်ရုံကတော့ လစာရကြတယ်။ ဒါပေမဲ့ တချို့ဝန်ထမ်းတွေက လစာယူဖို့ ငြင်းတယ်။ ရာနဲ့ချီတယ်။ သူပုန်အစိုးရက ပေးတဲ့လစာ သူတို့မယူဘူးဆိုလို့ ရုံးခန်းထဲမှာ အဲဒီပိုက်ဆံတွေ သိမ်းထားရတာတွေ ရှိတယ်”ဟု ဦးဌေးလှကပြောသည်။

လစာယူခဲ့သော ဝန်ထမ်းများကလည်း CDMတွင် ဆက်လက်ပါဝင်နေသည်ဖြစ်ရာ လစာယူခြင်း၊ မယူခြင်းက မြန်မာ့မီးရထားဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို မထိခိုက်စေဟု ၎င်းကဆိုသည်။ CDMလှုပ်ရှားမှုမှာ ရက်ကြာလာပြီဖြစ်သော်လည်း မြန်မာ့မီးရထား ဝန်ထမ်းများအတွက် ပြည်သူများ၏ လှူဒါန်းမှုများမှာ ကျဆင်းသွားခြင်းမရှိသေးကြောင်း သူကပြောသည်။

“ကျနော့်ဝန်ထမ်းတွေဆို လစာမရပေမဲ့ ပြည်သူတွေရဲ့ ထောက်ပံ့မှုကြောင့် တစ်ယောက်ကို ငွေ ကျပ် ၈၀,၀၀၀ကျော်နဲ့ ဆန်တစ်အိတ်ဆီ အနည်းဆုံးရကြတယ်”ဟု ဦးဌေးလှကပြောသည်။

လက်တွေ့တွင် မြန်မာ့မီးရထားဝန်ထမ်းများသည် နဂိုကတည်းက မလောက်မင လစာများဖြင့် ပြေလည်အောင် ရပ်တည်နေကြသူများဖြစ်သည်။ ခင်ပွန်းသည်မီးရထားဝန်ထမ်း၏ လစာမှာ တစ်လလျှင် ကျပ် ၁၅၀,၀၀သာရသည်ဖြစ်ရာ မိသားစုရပ်တည်ရေးအတွက် ဘယ်တော့မှမလုံလောက်ခဲ့ဟု မလွှကုန်းဘူတာက မီးရထားဝန်ထမ်းမိသားစုဝင် ဒေါ်အေမီဆန်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖိအားပေးမှုကြောင့် မလွှကုန်းဘူတာဝင်းအတွင်းက ဝန်ထမ်းအိမ်ရာမှ ရွှေ့ပြောင်းထွက်ခွာလာသူများကို မတ်၁၀ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ |​ဖရွန်းတီးယားမြန်မာ)

သားသမီးနှစ်ဦးကို ထောက်ပံ့ပေးနိုင်ရန် တစ်ဖက်တစ်လမ်းက ဈေးရောင်း၍ ရပ်တည်ခဲ့ရသည်ဟု ၎င်းကဆိုသည်။ ယင်းသို့အခြေအနေရှိသည့်တိုင် ၎င်းတို့မိသားစုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ဝန်မလေးခဲ့ကြပေ။

“ကျမကတော့ ယောက်ျားကို ပြောပြီးပြီ။ စစ်တပ်က အလုပ်ပြန်ဆင်းဖို့ ဖိအားပေးလာရင် အလုပ်ထွက်မယ်။ ကျမတို့ မီးရထားမိသားစုတွေက ဒီတိုက်ပွဲကို နိုင်တဲ့အထိ တိုက်သွားမှာပါ”ဟု ဒေါ်အေမီဆန်းက ပြောသည်။

သို့သော် များမကြာမီ စစ်ကောင်စီ၏ CDMတွင်ပါဝင်သည့် မီးရထားဝန်ထမ်းများအပေါ် ဖိအားမှာ တစ်ဆင့်ပိုတက်လာသည်။ မတ်၁၀ရက်၊​ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အများအပြား မလွှကုန်းဘူတာ မီးရထားဝင်းအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ပြီး CDMလုပ်လိုပါက လိုင်းခန်းက ထွက်ခွာရမည်ဟု မီးရထားဝန်ထမ်းများအား သတိပေးခဲ့သည်။ မထွက်ခွာပါက အင်အားသုံး ဖယ်ရှားခံရမည်ဖြစ်ပြီး ဖမ်းဆီးမည်ဟုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ခဲ့သည်။

ဒေါ်အေမီဆန်း၏ ခင်ပွန်းသည်မှာ ထိုနေ့မတိုင်မီက အလုပ်ထွက်စာတင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါနေ့တွင်ပင် ၎င်းတို့အပါအဝင် မီးရထားဝန်ထမ်းအများအပြား မလွှကုန်းဘူတာဝင်းအတွင်းက ဝန်ထမ်းအိမ်ရာကို စွန့်ခွာခဲ့ကြသည်။ လက်ရှိအချိန်တွင် CDMတွင် မပါဝင်သူအချို့နှင့် အဖမ်းခံထားရသည့် မီးရထားစက်ခေါင်းမောင်းဝန်ထမ်းသုံးဦး၏ မိသားစုဝင်များသာ ဝန်ထမ်းအိမ်ရာတွင် ကျန်ရစ်ခဲ့သည်။

ဝန်ထမ်းအချို့နှင့် ၎င်းတို့၏မိသားစုဝင်များမှာ နေရပ်ဇာတိသို့ ပြန်သွားကြပြီး အချို့ကမူ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ အကူအညီဖြင့် ရန်ကုန်မြို့က နေအိမ်အချို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။ ဝန်ထမ်းအချို့ကိုမူ ဘုန်းကြီးကျောင်းများက လက်ခံထားသည်။

အလားတူ မန္တလေးမြို့တွင်လည်း CDMတွင် ပါဝင်သည့် မီးရထားဝန်ထမ်းများကို မတ်၂၂ရက်တွင် အလုပ်ပြန်ဆင်းရန်နှင့် အလုပ်မဆင်းပါက လိုင်းခန်းများမှ ထွက်ခွာကြရန်၊​ မထွက်ခွာပါက အင်အားသုံးဖယ်ရှားခံရန်မည်ဖြစ်ကြောင်း စစ်ကောင်စီက လွန်ခဲ့သည့် ရက်တ္တပတ်တွင် သတိပေးခဲ့သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်ပါက ဝန်ထမ်းအိမ်ရာများက ထွက်ခွာရမည်ဟု ဖိအားပေးလာသဖြင့် မတ်၂၀ရက်က လိုင်းခန်းမှ စတင်ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံများ | ဖရွန်းတီးယားမြန်မာ

ထို့ပြင် မတ်၂၁ရက်ကလည်း ချမ်းအေးသာစံမြို့နယ် ၇၇လမ်း၊ ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းအနီး သိုးခြံဝန်ထမ်းအိမ်ရာက မီးရထားဝန်ထမ်း ၅၀၀ဝန်းကျင်ကိုလည်း CDMဆက်လုပ်လိုပါက မတ်၂၅ရက်နောက်ဆုံးထား၍ လိုင်းခန်းများမှရွှေ့ပြောင်းရန် စစ်ကောင်စီက သတိပေးခဲ့သည်။

CDMဆက်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ယင်းသို့ဖိအားပေးမှုမျိုးရှိလာမည်ကို ကြိုတင်တွေးဆထားသည့် မီးရထားဝန်ထမ်းများကမူ မတ်၂၀ရက် ကတည်းက နေအိမ်အသုံးအဆောင်နှင့် လိုအပ်သည့်ပစ္စည်းများကို အခြားနေရာများသို့ ရွှေ့ပြောင်းမှုစတင်ခဲ့ကြပြီးဖြစ်သည်။

“CDM စလုပ်ကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ အခုဆို စားဝတ်နေရေးကအစ အခက်အခဲတွေရှိနေတာပေါ့။ ဖယ်ပေးရမယ်ဆိုလဲ မလိုအပ်တာထားခဲ့ပြီး လိုအပ်တာ ယူသွားရမှာပေါ့။ အခုထက်တော့ ဒုက္ခရောက်ဖို့ လမ်းမမြင်တော့ပါဘူး”ဟု မီးရထားစက်ခေါင်းမောင်း အရာရှိတစ်ဦးက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar