အောက်တိုဘာ ၆
ဓမ္မစကြာ ရွတ်ဖတ်နေသည့် ဓမ္မာရုံအတွင်းရှိ အသံချဲ့စက်ပလပ်ကြိုးကို ဆွဲဖြုတ်ခဲ့မှုကြောင့် အမှုရင်ဆိုင်နေရသည့် နယ်သာလန်နိုင်ငံသားကို မန္တလေးရှိ တရားရုံးက ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေကျပ် တစ်သိန်းပေးဆောင်ရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။
အသက် ၃၀ နှစ်အရွယ်ရှိ ကမ္ဘာလှည့်ခရီးသည် Klass Haytema သည် မန္တလေးမြို့တွင် ၎င်းတည်းခိုနေထိုင်သည့် ဟိုတယ်အနီးရှိ ဓမ္မာရုံအတွင်းသို့ စက်တင်ဘာ ၂၃ ရက်နေ့ညက ဝင်ရောက်ကာ အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ခဲ့သလို ဓမ္မာရုံအတွင်းသို့ ဖိနပ်မချွတ်ပဲ ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ထိုသို့ ပလပ်ကြိုး ဆွဲဖြုတ်ပြီးနောက် ၎င်းနေထိုင်ရာ ဟိုတယ်ရှေ့သို့ ရပ်ကွက်နေပြည်သူအချို့ ရောက်ရှိလာကာ ၎င်းအား ထုတ်ပေးရန် ဟိုတယ်မန်နေဂျာထံ တောင်းဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးကာ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
၎င်းအား ဘာသာ၊သာသနာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်သည့် ပုဒ်မ ၂၉၆ အရ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ်သုံးလနှင့် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုအတွက် ငွေဒဏ်တစ်သိန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။
အပြစ်ရှိကြောင်း စီရင်ချက်ကို တရားရုံးတွင် တရားသူကြီးက ယနေ့ ဖတ်ကြားနေစဉ် ၎င်းက ငိုကြွေးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
ဗီဇာစည်းကမ်းဖောက်ဖျက်မှုကြောင့် ချမှတ်ခဲ့သည့် ဒဏ်ငွေကျပ် တစ်သိန်းကို ပေးဆောင်မည်ဟု ၎င်းကသဘောတူခဲ့သည်။ ထိုသို့ မပေးဆောင်ပါက နောက်ထပ် ထောင်ဒဏ်သုံးလ ကျခံရမည်ဖြစ်သည်။
ယခင်ရက်များက ပြုလုပ်ခဲ့သည့် တရားရုံးချိန်များတွင် ၎င်း၏ အပြုအမူအတွက် ၎င်းက တောင်းပန်ခဲ့ကာ အိပ်ချင်နေသည့်အတွက် ထိုသို့ လုပ်ဆောင်မိခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။