မန္တလေးတွင် ကျွမ်းကျင်သည့်လေယာဉ်မှူးက ခရီးသည်များ၏ အသက်ကို ကယ်တင်နိုင်ခဲ့

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ ၁၂ ရက်နေ့က ရှေ့ဘီးမပါဘဲ အရေးပေါ်ဆင်းသက်ခဲ့ရသော်လည်း ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ ဘေးအန္တရာယ်ကင်းရှင်းအောင် လေယာဉ်မှူးက ကျွမ်းကျင်စွာ ဆင်းသက်နိုင်ခဲ့သည်။

ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦးလိုက်ပါလာသည့် Embraer 190AR အမျိုးအစားလေယာဉ်သည် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းလာခြင်းဖြစ်သည်။

ထို့နောက် မန္တလေးလေဆိပ်သို့ ဆင်းချိန် နံနက် ၈ နာရီ ၁၇ မိနစ်အချိန်တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျကြောင်း တွေ့ရှိခဲ့ရသည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

ထို့နောက် လေယာဉ်မှူးက အရေးပေါ်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့သော်လည်း ဘီးကျလာခြင်းမရှိသဖြင့် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် နံနက် ၉ နာရီ ၉ မိနစ်တွင် အရေးပေါ် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆင်းသက်ခဲ့ရာပြေးလမ်း ပေ ၄,၅၀၀ တွင် လေယာဉ်ဦးစိုက် အနေအထားဖြင့် ရပ်တန့်သွားခဲ့ပြီးနောက် ခရီးသည်များအား အရေးပေါ်ထွက်ခွာသည့် လုပ်ငန်းစဉ်များအတိုင်း သတ်မှတ်ချိန်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်ဟု လေကြောင်းလိုင်းက ပြောကြားသည်။

ထိုမတော်တဆမှုနှင့် ခရီးသည်နှင့် လေယာဉ်အမှူထမ်းတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။

လေယာဉ်မှူးက ရှေ့ဘီးချရန်အတွက် ထပ်တလဲလဲ ကြိုးပမ်းခဲ့သည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က အေအက်ဖ်ပီကို ပြောကြားသည်။

“အဲဒါကြောင့် နောက်ဘီးတွေနဲ့ပဲ ဆင်းသက်ခဲ့ရတယ်။ လေယာဉ်မှူးက ကျွမ်းကျင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လာသည့်ဗီဒီယိုများတွင် ရှေ့ဘီးမပါသည့် လေယာဉ်သည် ညင်သာစွာ ဆင်းသက်လာခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင် ဦးစိုက်အနေအထားဖြင့် ရပ်တန့်သွားခဲ့သည်ကိုတွေ့ရသည်။ မြေပြင်ပေါ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများနှင့် မီးသတ်ကားများက အဆင်သင့် စောင့်ဆိုင်းနေကြပြီးနောက် လေယာဉ်များ ရေများပက်ဖြန်းခဲ့ကြသည်။

လေယာဉ်ရှိ အရေးပေါ်ထွက်ပေါက်များမှ ဆင်းသက်လာသည့် ခရီးသည်များက ပြေးလမ်းဘေးသို့ ပြေးသွားနေကြသည်ကိုလည်း တွေ့ရသည်။

လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်တစ်ဦးဖြစ်သူ ကိုစိုးမိုးက “ဆင်းတဲ့အချိန် မီးခိုးနဲနဲတော့ထွက်တယ်။ ခရီးသည်တွေအားလုံး အဆင်ပြေပါတယ်” ဟု ပြောသည်။

အဆိုပါမတော်တဆမှုကြောင့် မန္တလေးလေဆိပ်ကို နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့ရသည်။ လေယာဉ်ကွင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရောက်ရှိခဲ့ပြီး ခရီးသည်များ အန္တရာယ်ကင်းအောင် ဆင်းသက်နိုင်ခဲ့သည့် လေယာဉ်မှူး မြတ်မိုးအောင်အား တွေ့ဆုံချီးကျူးစကား ပြောကြားခဲ့သည်။

ယခုမတော်တဆမှုသည် မြန်မာနိုင်ငံတွင် ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယမြောက်ဖြစ်ပွားသည့် လေယာဉ်မတော်တဆမှုဖြစ်သည်။

မေ ၈ ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံ Biman လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ပြေးလမ်းချော်သွားမှုကြောင့် လေယာဉ်သုံးပိုင်းကျိုးကာ ပျက်စီးသွားပြီး ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar