စက်တင်ဘာ ၂၉
ဓမ္မစကြာ ရွတ်ဖတ်နေသည့် ဓမ္မာရုံအတွင်းရှိ လော်စပီကာပလပ်ကြိုးကို ဆွဲဖြုတ်ခဲ့မှုကြောင့် ဖမ်းဆီးခံထားရသည့် နယ်သာလန်နိုင်ငံသားကို မန္တလေးမြို့တွင် စက်တင်ဘာ ၂၈ ရက်နေ့က တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ကာ ယနေ့ ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
အသက် ၃၀ နှစ်အရွယ်ရှိ ကမ္ဘာလှည့်ခရီးသည်Klass Haytema သည် မန္တလေးမြို့တွင် ၎င်းတည်းခိုနေထိုင်သည့် ဟိုတယ်အနီးရှိ ဓမ္မာရုံအတွင်းသို့ စက်တင်ဘာ ၂၃ ရက်နေ့ညက ဝင်ရောက်ကာ အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ခဲ့သလို ဓမ္မာရုံအတွင်းသို့ ဖိနပ်မချွတ်ပဲ ဝင်ရောက်ခဲ့သည်ဟုဆိုသည်။
ထိုသို့ ပလပ်ကြိုး ဆွဲဖြုတ်ပြီးနောက် ၎င်းနေထိုင်ရာ ဟိုတယ်ရှေ့သို့ ရပ်ကွက်နေပြည်သူအချို့ ရောက်ရှိလာကာ ၎င်းအား ထုတ်ပေးရန် ဟိုတယ်မန်နေဂျာထံ တောင်းဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးကာ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။
လော်စပီကာမှ ဝတ်ရွတ်သံများက ၎င်းအတွက် ဆူညံလွန်းသောကြောင့် ထိုသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
“ဓမ္မရုံက သူနေတဲ့ ဟိုတယ်နဲ့ သိပ်မဝေးဘူး။ အသံတွေက သူ့အတွက် ဆူညံလွန်းလို့ အဲလို လုပ်ခဲ့တာလို့ သူကပြောပါတယ်” ဟု မဟာအောင်မြေရဲစခန်းမှ တာဝန်ရှိသူ ရဲမှူးကြည်စိုးက အေအက်ဖ်ပီကို ပြောသည်။
၎င်းအား ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် ဘာသာ သာသနာကို စော်ကားသည့် အမှုအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ အမှုဖွင့်ထားသည်ဟု သိရသည်။