အလံဖြူလှုပ်ရှားမှု ချီတက်ပွဲ ကျင်းပမှုအပေါ် လိပ်ပြာသန့်သည်ဟု စီစဉ်သူက တုန့်ပြန်

စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုသည့် အလံဖြူလှုပ်ရှားမှု ချီတက်ပွဲတစ်ခုအပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် ထိုလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းအတွက် လိပ်ပြာသန့်သည်ဟု အဆိုပါပွဲကို စီစဉ်သူက ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ပြည်သူလှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ဦးဆောင်ကာ အဆိုပါချီတက်ပွဲကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ကို ဘယ်လောက်ပဲတိုက်ခိုက်ပါစေ ကျွန်တော်တို့ ရိုးသားစွာ ရပ်တည်မှုအတွက် လိပ်ပြာသန့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့သမိုင်းကို လှန်ကြည့်လိုက်လို့ရပါတယ်” ဟု ပြည်သူလှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်၏ လုပ်ငန်းကော်မတီတာဝန်ခံ ကိုမြတ်ကျော်က တုန့်ပြန်ပြောကြားလိုက်သည်။

ကေအိုင်အေ၊ MNDAA၊ TNLA နှင့် AA အဖွဲ့များ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က မူဆယ်ဒေသအား ပြီးခဲ့သည့်လက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ မူဆယ်ဒေသတွင် တည်ငြိမ်မှုရရှိလာပြီဖြစ်ပြီး မုံကိုးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၄ ရက်ကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပြီဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုအချိန်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း တိုက်ပွဲများ ရပ်တန့်ရေးအတွက် ၎င်းတို့ဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ဆွေးနွေးရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ပေးရန် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် တိုက်ပွဲများတွင် အရေးမလှဖြစ်လာသောကြောင့် ထိုသို့သော ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်ပြောကြားမှုများ ရှိနေသည်။

ထိုသို့သော အခြေအနေတွင် စစ်ပွဲများ ရပ်တန့်ရန် ယခုကဲ့သို့ ချီတက်လှုပ်ရှားမှုကို ဆောင်ရွက်ကြခြင်းဖြစ်သောကြောင့် ဝေဖန်မှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

“မူဆယ်ကို ဝင်ပစ်တုန်း၊ လားရှိုး-မူဆယ်လမ်းမှာ အရပ်ကားတွေ၊ အရပ်သားတွေကို သတ်ဖြတ်ဖျက်ဆီးနေတုန်း၊ မုံးကို ဗျူဟာစခန်းကို ၁၄ ရက် ဝိုင်းတိုက်နေတုန်းကတော့ အပစ်အခတ်ရပ်စဲရေးအကြောင်းပြောသံမကြားရပဲ ကန့်သတ်စစ် ဆင်နွဲနေတာပါဆို။ အခုကျတော့ မြောက်ပိုင်းမဟာမိတ်ဆိုပြီး အစိုးရဘက်က အပစ်အခတ်ရပ်ပေးဖို့ကြညာချက်ထုတ်ရတာနဲ့၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်ဆိုပြီး ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မှာ စစ်ပွဲရပ်ဖို့ တောင်းဆိုမယ်ဆိုတာနဲ့၊ ဘယ်အချိန်ကများ လက်ဝါးရိုက်စီစဉ်ထားကြတာပါလိမ့်” ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ္ဌ်က ချီတက်ပွဲပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက်နေ့က ဝေဖန်ရေးသားခဲ့သည်။

“ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းကိုမှ Proposal တင်တာတို့ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ တစ်ယောက် ၅,၀၀၀၊ ၁၀,၀၀၀ စုပြီးတော့ လုပ်ခဲ့ကြတာပါ” ဟု ကိုမြတ်ကျော်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဘယ်ဘက်ကိုတော့ တိုက်ပါ။ ဘယ်ဘက်ကိုတော့ ရပ်လိုက်ပါဆိုတာမျိုး တစ်ဖက်သတ် ရပ်ခိုင်းတာမျိုး တစ်ခွန်းမှ မပြောခဲ့ပါဘူး။ လက်နက်ကိုင်နေတဲ့သူ အားလုံးကိုရည်ရွယ်ပြီး စစ်ကို ရပ်ပေးပါလို့သာ ပြောခဲ့တာဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

“ဒီစစ်တွေဟာ ဘယ်သူတွေအတွက်တိုက်တာလဲ။ ဘယ်သူ့အကျိုးစီပွားအတွက် တိုက်တာလဲ။ ဒီစစ်တွေ ရပ်လိုက်ရင် ဘယ်သူတွေ အကျိုးစီးပွားယုတ်လျော့သွားမှာလဲ။ ဒါကိုကျွန်တော်တို့ တွေးပါတယ်။ ဆင်ခြင်ပါတယ်။ တွေးတောပြီးတော့ ကျွန်တော်တို့ တိုင်းပြည် အနာဂတ်ကို စိုးရိမ်ပါတယ်။ ပူပန်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့လှုပ်ရှားရေးမြှင့်တင်ရေးကွန်ယက် တာဝန်ခံဦးကြည်လင်းက “စစ်တပ်က လက်နက်နဲ့ ထိုးစစ်ဆင်တာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေက တန်ပြန်ထိုးစစ် လုပ်တာပဲဖြစ်ဖြစ် လက်မခံပါဘူး။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ အဖြေရှာတာကိုပဲ ကျွန်တော်တို့ လက်ခံတယ်” ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ အိမ်နီးချင်း တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခိုလှုံနေကြရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးသင့်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောကြားခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar