ကေအင်န်ယူသည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ ကေအင်န်ယူနှင့် တပ်မတော်တို့အကြား ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးကြရသည်။

ကျောက်ကြီးရှိ စစ်ဘေးရှောင်များအတွက် အစာနှင့် တစ်ကိုယ်ရေအသုံးအဆောင်များ အရေးပေါ်လိုအပ်နေ

နော်ဘတ်တီဟန် ရေးသားသည်။

ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံးနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ဒေသခံအရေအတွက် ၄,၀၀၀ခန့် စစ်ဘေးရှောင်ကြရပြီး လက်ရှိအချိန်တွင် အစားအသောက်၊ ဆေးဝါးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်များ အရေးပေါ်လိုအပ်နေကြောင်း ၎င်းတို့ကိုကူညီနေသည့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

စစ်ဘေးရှောင်ဒေသခံများသည် လက်ရှိအချိန်တွင် ၎င်းတို့ကျေးရွာများအနီးရှိ တောနက်အတွင် တိမ်းရှောင်နေထိုင်ကြရပြီး အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း ကရင်လူငယ်ကွန်ရက်အဖွဲ့ဝင် စောအဲလ်ဘတ်ချိုက ဆိုသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့သောကြာနေက အလှူရှင်တွေလှူထားတဲ့အဝတ်အစားတွေ၊ စားစရာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ကျောက်ကြီးဘက်ကို ပို့ခဲ့ပါတယ်။ နယ်မြေလုံခြုံရေးအဆင်မပြေလို့ ဆက်ဆံရေးရုံးဘက်ကနေ တစ်ဆင့် ဒေသခံတွေဆီကို တဖြည်းဖြည်းပို့ရတယ်”ဟု ၎င်းကပြောသည်။

တိုက်ပွဲကြောင့် အလျင်စလို နေရပ်စွန့်ခွာလာရသဖြင့် တောထဲတွင် အေးသည့် ရာသီဥတုဒဏ် ခံစားကြရကြောင်း၊ စစ်ဘေးရှောင်များအတွက် အကူအညီများ အလျင်အမြန်လိုအပ်နေသည်ဟု ၎င်းကဆိုသည်။

“အဝတ်အစားတွေက အခု တော်တော်များများလှူကြတော့ ရှိလာပြီ။ စားစရာ၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းလိုမျိုးတွေ ပိုလိုအပ်နေတယ်”ဟု စစ်ဘေးရှောင်များထံသို့ ကိုယ်တိုင်သွားရောက်၍ မိမိဆန္ဒအလျောက် သွားရောက်ကူညီခဲ့သည့် ဒေသခံတစ်ဦးဖြစ်သူ နန့်စုမြတ်နိုင်က ပြောသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇန်နဝါရီ၊ ပထမပတ်တွင် အိုးပစ်အိမ်ပစ်၊​ ထွက်ပြေးခဲ့ရသဖြင့် အစားအသောက်နှင့် သောက်သုံးရေသန့် မရရှိဘဲ ဒုက္ခရောက်နေသည်ဟု ကျောက်ကြီးမြို့နယ်၊ တာပေါ်ခီးကျေးရွာခံ စောတင်အေးက ဆိုသည်။

“ကျွန်တော်တို့က တိုက်ပွဲသံကြားတာနဲ့ သေမှာစိုးလို့ မိသားစုပါခေါ်ပြီးပြေးကြတာ။ ဘာမှကို မပါလာဘူး။ အလှူရှင်တွေလှူတဲ့ ဆန်တို့၊ စားစရာတို့၊ အဝတ်အစားတစ်ချို့ကြောင့် အဆင်ပြေနေတာ။ ပြေးလာတဲ့ လူတွေထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်းပါတော့ အတော်လေး ဒုက္ခရောက်ရတယ်”ဟု ၎င်းကပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်း လမ်းဖောက်လုပ်နေသည့် တပ်မတော်နှင့် ကေအင်န်ယူတို့အကြား ၂၀၂၀၊ ဒီဇင်ဘာကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ကျောက်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တို့အကြား ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရသည်မှာ နှစ်လခန့် ရှိပြီဖြစ်သည်။

၎င်း၏ တပ်မဟာ(၅)အခြေစိုက်ရာ ဖာပွန်ခရိုင်အတွင်းမှ တပ်မတော်တပ်စခန်းများ ရုတ်သိမ်းပေးရန် ကေအင်န်ယူက ဒီဇင်ဘာကတည်းက တောင်းဆိုခဲ့သော်လည်း တပ်မတော်ကလက်မခံသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ဖာပွန်၊ ကျောက်ကြီး စသည့်မြို့နယ်များအပြင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင်လည်း ကေအင်န်ယူနှင့် တပ်မတော်အကြား စစ်ရေးတင်းမာလျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar