အရေးယူပိတ်ဆို့ထားမှုများ မကြာမီ ဖယ်ရှားပေးမည်ဟု အိုဘားမား ကတိပြု

မြန်မာနိုင်ငံအား ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ ပြန်လည်ပြန်လည်ပေးအပ်ရန် ဆောင်ရွက်မှုနှင့်အတူ ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့ထားမှုများအား မကြာမီ ဖယ်ရှားပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ကတိပြုလိုက်သည်။

“မြန်မာနိုင်ငံအပေါ် ကာလအတန်ကြာ ချမှတ်ထားခဲ့တဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားမှုများကို ဖယ်ရှားပေးဖို့အတွက် အမေရိကန်က အခုစတင်ပြင်ဆင်နေပါပြီ” ဟု အိုဘားမားက စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားသည်။

“မြန်မာပြည်သူတွေအနေနဲ့ စီးပွားရေးကို နည်းလမ်းသစ်တွေနဲ့ လုပ်ကိုင်နိုင်ကြစေဖို့အတွက် ဒါဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ ကြေညာချက်ကို ကြိုဆိုပါကြောင်း သတင်းထောက်များကို ဘဲဥပုံရုံးခန်းတွင် ပြောကြားခဲ့သည်။

“ကျွန်မတို့ တိုင်းပြည်ကို စီးပွားရေးအရ ထိခိုက်နစ်နာစေတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ အချိန်ကျရောက်ပြီလို့ ကျွန်မတို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တိုင်းပြည်က စီးပွားရေး လာလုပ်ဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးသွားဖို့ အခြေအနေကို ရောက်ရှိနေလို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“ကျွန်မတို့ တိုင်းပြည်ကိုလာပြီး ကျွန်မတို့အတွက် အကျိုးအမြတ်တွေ ရရှိစေသလို ရှင်တို့အတွက်လဲ အကျိုးအမြတ်တွေ ရရှိနိုင်မယ့် ဘယ်လို နည်းလမ်းတွေနဲ့ ဘာလို့ ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာကို လာကြည့်ကြဖို့ ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံသို့ ပထမဆုံး ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ကာ ကွန်ဂရက် လွှတ်တော်သို့ အိုဘားမားက စာပေးပို့ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် GSP စနစ်အရ ဆင်းရဲသည့် နိုင်ငံများသို့ ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ၏ အကျိုးခံစားခွင့်များကို ရရှိသင့်သည်ဟု ပြောကြားထားသည်။

စစ်တပ်ကအုပ်ချုပ်သည့် အာဏာရှင်နိုင်ငံမှ ဒီမိုကရေစီနိုင်ငံအဖြစ် ခက်ခက်ခဲခဲ အသွင်ကူးပြောင်းနေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအား ကူညီရန် အိမ်ဖြူတော်က စိတ်အားထက်သန်နေသည်။

အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား အစိုးရအဖွဲ့ ခေါင်းဆောင်မဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ထားသော်လည်း ၎င်းအား ဝါရှင်တန်က ခေါင်းဆောင်တစ်ဦးအဖြစ် ကြိုဆိုခဲ့သည်။

အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်ဖြူတော်ရှိ ဘဲဥပုံ သမ္မတ ရုံးခန်း၌ အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုတွင် ပါဝင်ခဲ့သည်။

“တိုးတက်ပြောင်းလဲမှုများအတွက် ဝမ်းသာဂုဏ်ယူပါသည်” ဟု တစ်ချိန်က အတိုက်အခံ ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်အား အိုဘားမားက ပြောကြားခဲ့သည်။

“ဆန့်ကျင်ဘက်လမ်းကြောင်းပေါ် ရောက်သွားကြတဲ့ တိုင်းပြည်တွေကို တွေ့နေရတဲ့ ဒီခေတ်မှာ ဒါဟာ သတင်းကောင်းတစ်ခုပါ” ဟု အိုဘားမားက ပြောကြားခဲ့သော်လည်း လုပ်စရာအလုပ်များစွာ ကျန်ရှိနေသေးသည်ကိုလည်း လက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခက်ခဲသည့် နိုင်ငံရေးအခြေအနေတစ်ခု၏ အောက်တွင် လုပ်ကိုင်နေရကြောင်းကို အမေရိကန်အရာရှိများက သတိပြုလက်ခံထားသည်။

“သူမအနေနဲ့ ပြဿနာတွေကို တစ်ခုပြီး တစ်ခု ဖြေရှင်းရမှာပါ” ဟု အိုဘားမား၏ အဓိက အကြံပေးနှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာပေါ်လစီ ချမှတ်ရာတွင် အရေးပါသူဖြစ်သည့် ဘန်ရိုဒ့်က ပြောကြားသည်

စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုများအား မည်သည့်အချိန်တွင် ဖယ်ရှားပေးမည်ကိုမူ အိုဘားမားက ပြောကြားခြင်းမရှိပေ။

စစ်တပ်နှင့် လူပုဂ္ဂိုလ်များအပေါ် ချမှတ်ထားသည့် အရေးယူမှုများအား ဆက်လက်ထားရှိဖွယ်ရှိသော်လည်း အရေးယူမှုများ ချမှတ်ထားသည့် အမိန့်အား ဖယ်ရှားပေးခြင်းအားဖြင့် အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန် ရှင်းလင်းလွယ်ကူလာမည်ဖြစ်သည်။

သို့သော် အချို့သော ပေါ်လစီရေးဆွဲသူများကမူ ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းက စစ်တပ်အား ဖိအားပေးနိုင်မှု လျော့ကျသွားစေမည်ကို စိုးရိမ်နေကြသည်။

Global Witness နှင့် လူ့အခွင့်အရေးအဖွဲ့များက အိုဘားမား၏ ဆောင်ရွက်မှုကို ဝေဖန်ခဲ့ကြပြီး “မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျင့်ပျက်ခြစားမှုများနှင့် အလွဲသုံးစားကာ စီးပွားရေးဆောင်ရွက်မှုများအား သန့်စင်ရန် ဆောင်ရွက်မှုအပေါ် အဓိက နောက်ပြန်ဆွဲမှုကြီး ဖြစ်သည်” ဟု ပြောကြားကြသည်။

“အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု အသီးအပွင့်တွေ ထွက်ပေါ်မလာခင်မှာ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးခြင်းက အမေရိကန်လုပ်ငန်းတွေကို မြန်မာနိုင်ငံရဲ့အတိတ်က ဆိုးဝါးတဲ့ပုဂ္ဂိုလ်အချို့နဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ဖိတ်ခေါ်သလို ဖြစ်စေမှာပါ” ဟု ၎င်းတို့က ပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar