လေယာဉ်ပေါ်တွင်လိုက်ပါမည့် ခရီးသည်တစ်ဦးက လေယာဉ်၏ အရေးပေါ်ထွက်ပေါက်ကို မှားယွင်းဖွင့်မိသည့်အတွက် လေယာဉ်ထွက်ခွာချိန် ၁ နာရီ နောက်ကျခဲ့ရကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က သတင်းထုတ်ပြန်သည်။
ထိုဖြစ်ရပ်သည် ဇန်နဝါရီ ၁ ရက်နေ့က မန္တလေးမှ ဟုမ္မလင်းသို့ ပျံသန်းမည့် ATR72-600 အမျိုးအစား လေယာဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အရေးပေါ်ထွက်ပေါက်အား ပြန်လည်ပြင်ဆင်ခဲ့ရသဖြင့် လေယာဉ်ထွက်ခွာချိန် နောက်ကျခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်ဂျင်နှစ်လုံးတပ် ATR72-600 လေယာဉ်များတွင် ခရီးသည် ၇၀ ဦးခန့် တင်ဆောင်နိုင်သည်။
“နောက်နောင်တွင် အရေးပေါ်ထွက်ပေါက်တွင် ခရီးသည်နေရာချပေးမှုကို လေကြောင်းလိုင်း၏ စည်းမျည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆးမှုများ ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် MNA သည် ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ဘိုးရင်းနှင့် ATR လေယာဉ်များ အဓိကအသုံးပြုကာ ပျံသန်းပြေးဆွဲပေးနေသည်။