ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံအခြေ စိုက် နိုင်ငံတကာသံတမန်များသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရခဲ့သည့် ဦးသောင်းထွန်းနှင့် နိုင်ငံတကာသံတမန်များအကြား ပထမဆုံး တွေ့ဆုံမှုဖြစ်သော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို အစည်းအဝေး တက်ရောက်လာသူများက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။
“မိတ်ဆက် တွေ့ဆုံပွဲ”ဟု ခေါင်းစဉ်တပ်ကာ သတင်းမီဒီယာများအား ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့သော်လည်း တွေ့ဆုံပွဲ မစတင်မီ နှစ်မိနစ်ခန့်သာ အစည်းအဝေးခန်းမအတွင်းသို့ သတင်းထောက်များကို ဝင်ရောက်ခွင့်ပြုခဲ့ပြီးနောက် ပြန်လည်ထွက်ခွာခိုင်းခဲ့သည်။
သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့်ပတ်သက်ပြီး မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုနိုင်ရေးအတွက် ခန့်အပ်ခဲ့သည့် ဦးသောင်းထွန်းသည် ပြီးခဲ့သည့်လအတွင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဦးကိုနီကိစ္စအပါအဝင် အစိုးရအရာရှိများ နှုတ်ဆိတ်နေခဲ့သည့် အကြောင်းအရာအချို့ကို သတင်းထောက်များမှတဆင့် ပြည်သူလူထုထံ အသိပေးမည်ဟု အခမ်းအနားမစတင်မီ သတင်းများထွက်ပေါ်ခဲ့သော်လည်း ယနေ့အခမ်းအနားအပြီးတွင်မူ တစ်စုံတရာ ပြောကြားခြင်းမရှိခဲ့ပေ။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရှိ နိုင်ငံတကာ သံတမန် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း အစည်းအဝေးခန်းမအနီး သွားရောက်ခွင့်ရှိသူများကဆိုပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ အသေးစိတ်မသိရှိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
သတင်း-ထွန်းခိုင်