ARSA တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက သံတမန်များကို ခေါ်ယူရှင်းလင်း

ရန်ကုန်၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေဟာ “ရိုဟင်ဂျာနယ်မြေ” အဖြစ် တည်ထောင်ဖို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်ပြီး အဲဒီလှုပ်ရှားမှုမှာ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO နဲ့ INGO) တွေက ဝန်ထမ်းအချို့လည်း ပါဝင်ပတ်သက်နိုင်တယ်လို့ မြန်မာအစိုးရက နိုင်ငံတကာ သံတမန်တွေကို အသိပေးလိုက်ပါတယ်။

“အခုဖြစ်တဲ့ဖြစ်စဉ်ဟာ ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေ အဖြစ် သိမ်းပိုက်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တယ်ဆိုတာ အကြမ်းဖျင်း ဖော်ထုတ်လို့ ရပါတယ်”လို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆိုပါတယ်။

ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်တွေနဲ့ ယနေ့တွေ့ဆုံရာမှာ ပြည်ထဲရေးဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကို သြဂုတ် ၂၅ ရက်နေ့ကစတင်ပြီး အကြိမ် ၆၀ ထက်မနည်း လာရောက်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေမှာ အုပ်ချုပ်ရေးစနစ်တွေ ပျက်ပြားခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

“မြို့ပေါ်မှာတော့ ဘူးသီးတောင်၊ မောင်တောမှာတော့ အစိုးရအနေနဲ့ ထိန်းသိမ်းနိုင်တဲ့ အနေအထားရှိပါပြီ” လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆက်လက်ပြောကြားပါတယ်။

အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရတဲ့ ARSA တို့ဟာ မြန်မာအစိုးရ အုပ်ချုပ်ရေးစနစ်ကို ပျက်ပြားအောင် ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ မြန်မာအစိုးရက ရခိုင်ဒေသ မတည်မငြိမ်မှုအပေါ် သုံးသပ်ထားပါတယ်။

အခြားတစ်ဘက်မှာလည်း ဒီမတည်မငြိမ်မှုတွေမှာ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဒေသခံဝန်ထမ်းတစ်ချို့ ပါဝင်ပတ်သက်နေတာ သတင်းရထားတယ်လို့ ဝန်ကြီးက အသိပေးပြောကြားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

“တချို့အကြမ်းဖက်အဖွဲ့အစည်းများမှာလည်း NGO၊ INGO တွေရဲ့ Local staff (ဒေသခံဝန်ထမ်း) တချို့ ပါဝင်နေတယ်ဆိုတာဖော်ထုတ်လို့ တချို့ သတင်းပေးထားတာတွေ့ရှိရပါတယ်”လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

NGO နဲ့ INGO အချို့ဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေမှာ ထူထောင်ရေးခေါင်းစဉ်နဲ့ သံပိုက်လုံး၊ အမိုးနီးယား ဓာတ်မြေသြဇာစတဲ့အရာတွေ တင်သွင်းလာပြီး အဲဒီစ္စည်းတွေကို လက်လုပ်မိုင်းနဲ့ လက်လုပ်ယမ်းအဖြစ် ပြောင်းလဲအသုံးပြုကာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ လုပ်လာကြတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ INGO ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ သတင်းများထွက်ပေါ်နေပြီး အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း သြဂုတ် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေထံကနေ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WPF) တံဆိပ်တပ်ထားတဲ့ ဘီစကွတ်တွေ သိမ်းယူရရှိခဲ့တယ်လို့လည်း အစိုးရက အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဘူးသီးတောင်နှင့် မောင်တော အခြေစိုက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း(INGO) တွေက ဝန်ထမ်း အားလုံးနီးပါးဟာ သြဂုတ် ၂၇ ရက်နေ့မှာ အဆိုပါဒေသတွင်းက ထွက်ခွာသွားကြပြီဖြစ်ပါတယ်။

ယခုလို တိုက်ခိုက်မှုတွေမှာ INGO ဝန်ထမ်းတွေ ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကတို့ အဆိုပါတွေ့ဆုံပွဲမှာ အထောက်အထားတစ်စုံတစ်ရာ ပြသခြင်းမရှိခဲ့ပါဘူး။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar