အမျိုးသမီးများအား အကြမ်းဖက်မှုပြဿနာ

ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်လုပ်ရပ်များမှာ မြန်မာနိုင်ငံရှိ လျစ်လျူရှုခံရလေ့ရှိသည့် ကြီးမားသော ပြဿနာရပ် ဖြစ်သည်။ ကချင်ပြည်နယ်တွင်မူ ညှဉ်းပန်းနှိပ်စက်ခံ အမျိုးသမီးများအား အကူအညီပေးသည့် စင်တာများကို စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ၌ တည်ထောင်ထားပေသည်။

ယင်နီ ဂမ်းမင်း ရေးသားသည်။

ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်ခြင်းမှာ မြန်မာနိုင်ငံတွင် အသံတိတ် အရေးပေါ်ကိစ္စရပ် ဖြစ်သည်။ ဖြစ်နေကျ ကိစ္စရပ်များတွင် ဘတ်စကားများပေါ်၌ မဖွယ်မရာ ပြုလုပ်ခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုများ ပါဝင်သည်။

ဇနီးမယားအား အဓမ္မပြုကျင့်ခြင်းမှာ မြန်မာနိုင်ငံ၌ ပြစ်မှုမမြောက်သေးချေ။ ဤသည်မှာ အမျိုးသမီးများအား အကြမ်းဖက်မှုကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည့် သက်သေသာဓကပင် ဖြစ်သည်။ ဤပြဿနာရပ်ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြေရှင်းသင့်သည်။ လက်နက်ကိုင် အကြမ်းဖက်မှုကြောင့် အိုးအိမ်စည်းစိမ်နှင့် အသက်မွေးဝမ်းမှုလုပ်ငန်းများ ဆုံးရံှုးသဖြင့် စိတ်ဖိစီးကာ ပြေးလွှားရုန်းကန်နေရသော မိသားစုများရှိရာ နေရာမျှလောက်တွင်သာ မဟုတ်ပေ။

လက်နက်ကိုင် အကြမ်းဖက်မှုကြောင့် ခန့်မှန်းခြေ လူပေါင်း တစ်သိန်းခန့် ရွှေ့ပြောင်းနေထိုင်ရလျက်ရှိသော ကချင်ပြည်နယ်တွင် အမျိုးသမီးနှင့် မိန်းကလေးစင်တာများကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA က တည်ထောင်ထားပြီးဖြစ်သည်။ စုစုပေါင်း ရှစ်ခုမျှရှိသော ဤစင်တာများသည် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရပြီး ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသော အမျိုးသမီးနှင့် မိန်းကလေးများအား အကူအညီများ ပေးအပ်လျက်ရှိသည်။

နှိပ်စက်ညှဉ်းပန်းခံ အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် ဆေးဝါးကုသမှုအတွက် ဆေးရုံများသို့ တက်ရောက်နိုင်ရန် အကူအညီရနေသည်။ အရေးပေါ်ကုသမှုများသည် မုဒိန်းမှုများ၌ အထူးအရေးပါလှသည်။ ယင်းအမှုမျိုးတွင် ၇၂ နာရီအတွင်း ဆေးကုသခြင်းမှာ အိပ်ချ်အိုင်ဗီပိုး အပါအဝင် ကူးစက်ရောဂါပိုး ရရှိခြင်းနှင့် ကိုယ်ဝန်ရရှိခြင်းတို့ကို ကြိုတင်ကာကွယ်နိုင်ပေသည်။ ယင်းစင်တာများတွင် စိတ်ဝေဒနာ ခံစားရမှုများကို ကုစားပေးရန် နှစ်သိမ့်ဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများလည်း ရရှိနိုင်သည်။

တစိတ်တဒေသအားဖြင့် အားနည်းသည့် တရားဥပဒေကြောင်းနှင့် လူမှုအသိုင်းအဝိုင်း၏ ငြင်းဆို ကြဉ်ဖယ်မှုတို့ကို စိုးရိမ်ကြောက်လန့်ခြင်းတို့ကြောင့် အမျိုးသမီးအနည်းငယ်ကသာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို တိုင်ကြားလေ့ရှိသည်။ သို့သော် အမျိုးသမီးနှင့် မိန်းကလေးငယ်များစင်တာကို ဖွင့်လှစ်ထားသည့် လူမှုအသိုင်းအဝိုင်းတို့တွင်မူ တိုင်တန်းလာသူများအား တရားရုံးတွင် ကြားနာစစ်ဆေးခံရန် အမှုများအပါအဝင် ကိစ္စအရပ်ရပ်အတွက် အမှန်တကယ် အကူအညီရရှိကြပေသည်။

‘သဘောထား မကွဲလွဲရန် အရေးကြီးသည်’

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ အမျိုးသမီးနှင့် မိန်းကလေးငယ်များ စင်တာများတွင်မူ အရာရှိများနှင့် အမှုအခင်း ဖြေရှင်းရေးဝန်ထမ်းများသည် စစ်ဘေးရှောင်စခန်းများရှိ စေတနာ့ဝန်ထမ်းများ၊ မန်နေဂျာများနှင့် ညှိနှိုှုင်းဆောင်ရွက်လျက်ရှိသည်။

ယင်းဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်လုဘူမှာ ဝိုင်းမော်နှင့် မိုင်အနည်းငယ်သာဝေးသည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် နေထိုင်လျက်ရှိသည်။ ယခုအခါ သူ၏ လူမှုအသိုင်းအဝိုင်းအတွင်းမှ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကျွမ်းကျင်မှုများ သူ့မှာရှိနေပေပြီ။

“ကျွန်မရဲ့ အိမ်နားမှာဆိုရင်လည်း အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိပါတယ်။ ကျွန်မကတော့ အကူအညီ ပေးဖို့အတွက် အမြဲလိုလို ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့လကလည်း အကူအညီပေးဖို့အတွက် ကျွန်မကို ချဉ်းကပ်လာတဲ့ အမျိုးသမီး တစ်ဦးရှိပါတယ်။ ခင်ပွန်းဖြစ်သူက အဲဒီအမျိုးသမီးကို မိန်းကလေးတွေချည်း မွေးနေလို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ သူက အရမ်းကို ရန်လိုတတ်သူပါ”

ဒေါ်လုဘူကလည်း ခင်ပွန်းဖြစ်သူ ထိုအမျိုးသားနှင့် ဇနီးဖြစ်သူတို့နှင့် အတူထိုင်ကာ ကလေးတစ်ဦး၏ ကျား/မဖြစ်တည်မှုကို အမျိုးသား၏ သုက်ပိုးက ဆုံးဖြတ်သည်ဆိုခြင်း အပါအဝင် မျိုးပွားခြင်းဆိုင်ရာ သွင်ပြင်လက္ခဏာ အမျိုးမျိုးအကြောင်း ဆွေးနွေးပြခဲ့သည်။

“ကျွန်မက ဒီကိစ္စအတွက် အမျိုးသားဖြစ်သူကို အပြစ်တင်တာမျိုး တခုမှ မလုပ်ဘဲ၊ စိတ်အနှောင့်အယှက်လည်း ထပ်မဖြစ်စေဘဲ ပြောဆိုတဲ့ နည်းလမ်းတစ်ရပ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ သဘောထား မကွဲလွဲစေဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ သူတို့ကလေးတွေအတွက် မျှဝေဆောင်ရွက်ရမယ့် တာဝန်တစ်ရပ်လည်း ရှိနေတယ်ဆိုတာကို အလေးအနက်ထား ပြောပေးရပါတယ်။ ခုချိန်ထိတော့ ခင်ပွန်းဖြစ်သူက အေးအေးဆေးဆေး ဖြစ်နေပါတယ်။ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

အိမ်တွင်းအကြမ်းဖက်မှုများရဲ့ အဆိုးကျော့သံသရာ

အမျိုးသမီးများစွာမှာ ၎င်းတို့နေအိမ်၌ပင်လျှင် ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို  ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်သည်။ ထို့အတူ ၎င်းတို့ခင်ပွန်းသည်များကို စွန့်ခွာရန် လိုအပ်သော ဝင်ငွေရလမ်းများ၊ သို့မဟုတ် လူမှုအထောက်အကူပြု ဖွဲ့စည်းပုံများ မရှိကြသည့်အတွက် ဆိုးရွားသော အနိုင့်ကျင့် စော်ကားမှု သံသရာအတွင်း ပိတ်မိနေကြသည်။

အကြမ်းဖက်ခံနေရသော အမျိုးသမီးများသည်ပင်လျှင် လူမှုရေး အမည်းစက်များကြောင့်သော်လည်းကောင်း၊ သို့မဟုတ် အာဏာပိုင်များက မည်သို့မျှ အရေးယူဆောင်ရွက်မည်မဟုတ်ဟု ယုံကြည်ကြ၍သော်လည်းကောင်း ထိုရာဇဝတ်မှုများကို တိုင်ကြားရန်၊ သို့မဟုတ် တရားစွဲဆိုရန် စဉ်းစားလေ့ မရှိကြပေ။

အကျိုးဆက်တစ်ခုအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများစင်တာများရှိ လူမှုဝန်ထမ်းများသည် အမျိုးသမီးများကို ကူညီရန် အခြားနည်းလမ်းများကို ရှာဖွေကြရသည်။

“ကျွန်မဆီကို ဒဏ်ရာတွေ ဗရပွ ရထားတဲ့အပြင် မျက်နှာပေါ်မှာ အရှိုးရာတွေလည်း ထင်နေတဲ့ အမျိုးသမီးတစ်ဦး ရောက်လာခဲ့ဖူးတယ်။ သူ့ရဲ့ ယောကျ်ားက နှိပ်စက်လိုက်တာပါ။ ပထမဦးဆုံးအနေနဲ့ ဆေးဝါးကုသမှု ခံယူဖို့ သူ့ကို ဆေးရုံပို့ပေးခဲ့တယ်။ ပြီးတော့ စိတ်ဒဏ်ရာ ကုစားဖို့ အထောက်အကူဖြစ်မယ့် နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးခဲ့ပါတယ်” ဟု ဒေါ်လုဘူက ဆိုသည်။

ထိုအမျိုးသမီးမှာ ရဲစခန်းသို့ မသွားလိုခဲ့ချေ။ သို့ဖြင့် ဒေါ်လုဘူ တာဝန်ထမ်းဆောင်နေသော စင်တာရှိ စေတနာ့ဝန်ထမ်းများက အကြမ်းဖက်ခံရသူ အမျိုးသမီးနေထိုင်ရာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းရှိ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ စေတနာ့ဝန်ထမ်း အမျိုးသားတစ်ဦးကို ဆက်သွယ်ခဲ့သည်။

“သူတို့က အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းသည်ကို သူ့ရဲ့အပြုအမူတွေ ပြောင်းလဲလာအောင် ကြိုးစားဖို့အတွက် အမျိုးသားချင်း စကားပြောခဲ့ကြပါတယ်။ အဲလို ကြားဝင်ဆောင်ရွက်ပြီးတဲ့နောက်မှာ ဒုက္ခသည်စခန်းက ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်ခြင်းအတွက် အမျိုးသား၊ အမျိုးသမီး စေတနာ့ဝန်ထမ်းတွေက သူတို့မိသားစုကို စောင့်ကြည့်လေ့လာခဲ့ကြတယ်။ သူတို့အခြေအနေက ပိုကောင်းလာခဲ့ပါပြီ”

“သူတို့အတွက် တရားမျှတမှု ရစေချင်တယ်”

ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရဖူးသော အမျိုးသမီးများအား “အနှိပ်စက်ခံရသူများ” ဟု ရည်ညွှန်းခြင်းမပြုဘဲ “လွတ်မြောက်ရှင်သန်သူများ” ဟု မကြာခဏ ရည်ညွှန်းပြောဆိုလေ့ရှိသည်။ ယင်းစကားလုံးများကို အသုံးပြုရသည့် ရည်ရွယ်ချက်မှာ အမျိုးသမီးများအား တုံ့ပြန်မှုမပြုသည့် ညှဉ်းပန်းနှိပ်စက်ခံရသူများအဖြစ် ရည်ညွှန်းခြင်းအစား ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုအပေါ် အာရုံထားလာကြစေရန်ဖြစ်သည်။ သို့သော် “လွတ်မြောက်ရှင်သန်သူ” ဟူသော အသုံးအနှုန်းမှာ အမျိုးသမီးတစ်ဦးသည် အကူအညီ ရယူသောကြောင့် အကြမ်းဖက်မှု ရပ်တန့်သွားမည်ဟုသာ ရည်ညွှန်းသဖြင့် ယင်းအသုံးအနှုန်းမှာ နားလည်မှု လွဲမှားနိုင်ပေသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယင်းအခြေအနေ၌ ရှိမနေခြင်းပင်။ သုတေသနပြုမှုများအရ အိမ်တွင်းအကြမ်းဖက်မှု အများစုမှာ အကြိမ်ကြိမ် ဖြစ်နေခြင်း ဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှု ခံစားရသော အမျိုးသမီးအများစုမှာ ဘဝလက်တွဲဖော်တစ်ဦး၏ တစ်ကြိမ်ထက်မကသော အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။ မိမိဘဝလက်တွဲဖော်အား အနိုင်ကျင့်ဖူးသော အမျိုးသားတစ်ဦးအဖို့ နှစ်သိမ့်ဆွေးနွေးမှုများ ရရှိပြီးနောက်ပိုင်းမှာပင် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်တတ်ကြောင်း တွေ့နေကျ ဖြစ်နေသည်။

“ကျွန်မအလုပ်ရဲ့ အခက်ခဲဆုံးအပိုင်းက ထပ်ခါထပ်ခါ ဖြစ်နေတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒီလိုဖြစ်ရပ်မျိုးတွေမှာဆိုရင် ခင်ပွန်းသည်က သူ့ရဲ့အမူအကျင့်ကို မပြောင်းနိုင်၊ အမျိုးသမီးကလည်း မစွန့်လွှတ်နိုင်၊ အနိုင်ကျင့် စော်ကားတာတွေကလည်း ထပ်တလဲလဲ ဖြစ်နေတော့တာပဲ။

“ဒီအလုပ်ကို ကျွန်မရွေးဖြစ်တာက ကျွန်မဟာ ကချင်ပြည်နယ်က အမျိုးသမီးဖြစ်သလို ကချင်ပြည်နယ်မှာ အမျိုးသမီးတွေဟာ တရုတ်နိုင်ငံဘက်ကို ရောင်းစားခံရတယ်၊ သူတို့အမျိုးသားတွေရဲ့ အနိုင်ကျင့်မှုကို ခံရတယ်၊ လူစိမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေ ခံရတယ်ဆိုတဲ့ ဖြစ်ရပ်တွေကို မြင်နေရလို့ပါ။ ကျွန်မက ဒီအမျိုးသမီးတွေကို ဆေးဝါးစောင့်ရှောက်မှုနဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေ ရစေချင်တယ်။ ဒါတင်မကသေးဘဲ သူတို့အတွက် တရားမျှတမှုလည်း ရစေချင်ပါတယ်။ ဒီနည်းလမ်း တစ်ခုတည်းကသာ အကြမ်းဖက်မှုတွေကို ပိုမိုကာကွယ်နိုင်မှာပါ” ဟုဆိုသည်။

“ကျွန်မတို့လည်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရှိပါတယ်”

အမျိုးသမီးနှင့် မိန်းကလေးစင်တာများသည် အမျိုးသမီးများ၏ လိုအပ်ချက်များကို အာရုံပြုဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုကာ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို တုံ့ပြန်ဖြေရှင်းလျက်ရှိသည်။ သို့ရာတွင် အကြမ်းဖက်မှုများ ကြိုတင်ကာကွယ်ခြင်းမှာ အကြမ်းဖက်မှုများကို တုံ့ပြန်ဖြေရှင်းခြင်းထက် ပို၍အရေးပါပေသည်။ ဒေါ်ခေါင်နန်မှာ ဝိုင်းမော်စင်တာ၌ ကြိုတင်ကာကွယ်ရေး အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းတို့၏ သတင်းစကားမှာ ဖြည်းဖြည်းချင်း ပျံ့နှံ့နေလိမ့်မည်ဟု သူယုံကြည်လျက်ရှိသည်။

“ဒီစကားက ဒုက္ခသည်စခန်းတွေမှာတင် ပျံ့နှံ့နေတာ မဟုတ်ပါဘူး။ နယ်ခံအသိုင်းအဝိုင်းထဲမှာလည်း ပျံ့နှံ့နေပါတယ်။ ခုဆိုရင် ရွာတွေမှာ ဒီလိုအကြမ်းဖက်မှုဆိုင်ရာတွေ ဆွေးနွေးပေးဖို့ ဖိတ်ကြားခံနေရပါတယ်။ ရောက်သွားတဲ့အခါကျတော့လည်း အိမ်တွင်းအကြမ်းဖက်မှုဟာ ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို အများစု သိနေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ အစပဲ ရှိပါသေးတယ်။ အစပိုင်းတုန်းကတော့ ကျွန်မတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေ၊ မိန်းကလေးတွေအတွက်ပဲ ကျွန်မတို့ အာရုံစိုက်ခဲ့တာပါ။ အခုဆိုရင်တော့ ကျွန်မတို့က ကျေးရွာတွေ၊ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေအထိ တိုးချဲ့အသိပညာပေးနေပါပြီ” ဟု သူကဆိုသည်။

“ကျွန်မတို့ဟာ အမျိုးသမီးတွေ ဖြစ်နေလို့ အကြမ်းဖက်ခံရမယ်ဆိုတဲ့ အကြောက်တရားကြီးနဲ့ ရှင်သန်နေထိုင်တာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်မတို့လည်းပဲ ကျွန်မတို့အိမ်၊ ကျွန်မတို့နိုင်ငံထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရှိပါတယ်”

အောင်မင်း ဘာသာပြန်သည်။

(အယ်ဒီတာ့မှတ်ချက် – ဤဆောင်းပါးမှာ မြန်မာနိုင်ငံရှိ ကျားမကွဲပြားမှုအခြေပြု အကြမ်းဖက်မှုများကို မီးမောင်းထိုးပြရန် ရည်ရွယ်သည့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့နှင့် နှစ်ဦးနှစ်ဘက် ညှှိနှိုင်းဆောင်ရွက်မှုမှ ပထမပိုင်း ဖြစ်ပါသည်။)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar