အဖွဲ့သစ်သည် “ဗကသ ပုံစံပြောင်း” မဟုတ်ဟု ကိုကျော်ကိုကိုကဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်ဟောင်းအချို့က “ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး” ဟူသည့် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အဆိုပါအဖွဲ့သည် “ဗကသ ပုံစံပြောင်း တခုမဟုတ်” ဟု အဖွဲ့တွင် ပါဝင်သည့် ကိုကျော်ကိုကိုက ပြောကြားသည်။

ထိုအဖွဲ့ ဖွဲ့စည်းသည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ယနေ့ ပြုလုပ်ခဲ့ရာ ကိုကျော်ကိုကိုက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုကျော်ကိုကိုအနေဖြင့်လည်း ယခင် ဗကသများအဖွဲ့ချုပ်မှ နှုတ်ထွက်ခဲ့ပြီဖြစ်သည်။ ဗကသများအဖွဲ့ချုပ်ကိုမူ လက်ရှိတွင် ဗဟိုကော်မတီဝင်အသစ်များဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

“ကျွန်တော်တို့က နိုင်ငံရေးပါတီတခု မဟုတ်ပါဘူး။ Political Organization (နိုင်ငံရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်း) လို့ ပြောရင်တော့ ရပါတယ်” ဟု Frontier ၏ မေးမြန်းမှုကို ကိုကျော်ကိုကိုက ပြန်လည် ဖြေကြားသည်။

ဗကသ၏ ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးသူ ကိုရာဟုခေါ် ကိုကျော်ကျော်က အဆိုပါ အဖွဲ့သစ်ကို အခြားအဖွဲ့ဝင်ဟောင်းနှစ်ဦးနှင့်အတူ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဖွဲ့သစ်တွင် အဖွဲ့ဝင်ဟူ၍ ပြောပလောက်သည့် အရေအတွက်မရှိပဲ ဗကသများ အဖွဲ့ချုပ်မှ အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ကိုမိုးထက်နေနှင့်ကိုသီဟဝင်းတင်တို့ပါဝင်ပြီး အခြား တက်ကြွ လှုပ်ရှားသူများဖြစ်သည့် ကိုကျော်ကျော်နှင့် ကိုမျိုးကိုကိုတို့လည်း ပါဝင်သည်။

“ကျွန်တော်တို့ဟာ ဘယ်လိုအဖွဲ့မျိုးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ နောက်ပိုင်းလုပ်ရပ်တွေကို ကြည့်ပြီး ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ၎င်းတို့၏အဖွဲ့သည် မည်ကဲ့သို့သော အဖွဲ့ဖြစ်သည်ကို ကိုကျော်ကိုကိုက အဓိပ္ပါယ်ဖွင့်ပြသည်။

ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးအနေနှင့် အလံ လေးလက်ကိုင်စွဲမည်ဟုဆိုပြီး (၁) နယ်ချဲ့ စနစ်သစ်ဝါဒ ဆန့်ကျင်ရေး၊ (၂) ဒီမိုကရေစီရေး၊ (၃) အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် (၄) ငြိမ်းချမ်းရေးတို့ကို ထည့်သွင်းထားသည်။

အဖွဲ့အတွက် ရန်ပုံငွေနှင့် ငွေကြေးထောက်ပံ့မှုများကိုမူ လက်ရှိအဖွဲ့ဝင်များကသာ ကျခံနေပြီး၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး စသည်ဖြင့် ဖွဲ့စည်းပုံမျိုးမဟုတ်ဟု ဆိုသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar