ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ပိုင်းကို လူသစ်များဖြင့် အစားထိုးမည်

ရန်ကုန်၊ မေ ၆

ဒီမိုကရေစီပညာရေးသပိတ်ကြောင့် လူသိများလာသည့် ကိုကျော်ကိုကို၊ ကိုအောင်မှိုင်းဆန်းနှင့် မဖြိုးဖြိုးအောင်စသည့် ကျောင်းသားခေါင်းဆောင်များသည် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) တွင်ဆက်လက်ပါဝင်တော့မည်မဟုတ်ပဲ လုပ်ငန်းတာဝန်များကို မျိုးဆက်သစ်ကျောင်းသားများထံ လွဲပြောင်းပေးသွားမည်ဟု ကြေညာလိုက်သည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူရန်ပြင်ဆင်နေပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များကို မျိုးဆက်သစ်ကျောင်းသားများထံ လွဲပြောင်းပေးမည်ဟု ၎င်းတို့ကဆိုသည်။

“ခြောက်လပြည့်တာနဲ့ကျနော်တို့ဗဟိုလုပ်ငန်းကော်မတီ တရားဝင်ဖျက်သိမ်းပြီးတော့ ကျောင်းသားအငယ်တွေ လက်ထဲကို လွှဲမှာပါ” ဟုကိုအောင်မှိုင်းဆန်းကပြောသည်။

လက်ရှိကျောင်းသားခေါင်းဆောင်များသည် အသက်အရွယ်နှင့် အခြေအနေအရပ်ရပ်ကြောင့် ဗကသ၏ လက်ရှိတာဝန်များကို လွဲပြောင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အနာဂတ်ဗကသများက ဆက်လက် ပါဝင်ရန်တောင်းဆိုပါကလည်း အကန့်အသတ်ဖြင့်သာ ပါဝင်တော့မည်ဟု ကိုအောင်မှိုင်းဆန်းက ပြောသည်။

ဒီမိုကရေစီပညာရေးသပိတ်ကြောင့် သာယာဝတီထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး တရားရင်ဆိုင်နေရရာမှ ဧပြီ ဒုတိယ သီတင်းပတ်တွင် အစိုးရသစ်က အမှုများ ရုပ်သိမ်းပေးလိုက်သည့်အတွက် ပြန်လည်လွတ်မြောက်လာပြီးနောက် ယနေ့ ရန်ကုန်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ်ကတည်းက ကွယ်ပျောက်ခဲ့သည့် ကျောင်းသားသမဂ္ဂများ တရားဝင် ပြန်လည်ရပ်တည်ရေးနှင့် နိုင်ငံလုံးဆိုင်ရာကျောင်းသားထုကို ကိုယ်စားပြုသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ပေါ်ပေါက်ရေးအတွက် တစ်နိုင်ငံလုံးမှ ကျောင်းသားများ၏ ကိုယ်စားလှယ်များ အဆိုပါညီလာခံတွင်ပါဝင်လာလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ညီလာခံ ကျင်းပရန်အတွက် ပထမအဆင့်အဖြစ် လာမည့် ဇူလိုင်၂ နှင့်၃ ရက်တို့တွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသားများ တွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက်ဒုတိယအဆင့်အဖြစ် ခရိုင်ကျောင်းသားသမဂ္ဂပေါင်းစုံတွေ့ဆုံပွဲလုပ်မည်ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံ ကျင်းပရန် စတင်ဆွေးနွေးမည်ဟု ကျောင်းသားခေါင်းဆောင်များကပြောကြားသည်။

ကျောင်းသားခေါင်းဆောင်များသည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိရန်အတွက် တရားဝင် စာပို့တောင်းဆိုထားကြောင်း သိရသည်။

သတင်း- ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar