“အပြောင်းအလဲ” အချိန်ကျပြီလား

အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူများက ကျေနပ်အားရမှု မရှိခြင်းနှင့်အတူ ဝန်ကြီးအပြောင်းအလဲများ ပြုလုပ်တော့မည်ဆိုသည့် ဝေဖန်မှန်းဆ ပြောဆိုမှုများ မြင့်တက်လာသည်

မြတ်ကျော်သူ ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တစ်နှစ်သက်တမ်းပြည့်တော့မည့် အစိုးရ၏ ဝန်ကြီးအဖွဲ့ကို ပြောင်းလဲတော့မည်လားဟု မေးလာလျှင် “ပြောင်းမည်” ဟု ဖြေရမည်ဖြစ်သည်။ သို့သော် မည်သည့်အချိန်နှင့် မည်သည့်ဝန်ကြီးများကို ပြောင်းလဲမည်ကိုမူ မည်သူကမှ အတိအကျ မသိနိုင်ပေ။ သေချာသည့်အချက်မှာမူ ပြည်ထောင်စုဝန်ကြီးအများစုအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်အချို့နှင့် ဝန်ကြီးများ ပြည်သူ့ရှေ့မှောက်မှ ပျောက်နေသည်ကို အားလုံး သတိပြုမိနေပြီ ဖြစ်သည်။

အမှန်တကယ် ပြောင်းလဲပါတော့မည်ဟု ကြွေးကြော်ထားသည့် ပါတီတစ်ခု၊ လူတစ်စုကိုပဲ ဝါဒဖြန့်တော့မည် မဟုတ်တော့ဟု မျှော်လင့်ထားခဲ့ကြသည့် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းများတွင် ယခင့်ယခင် အစိုးရလက်ထက်များကမူ အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းထက် ဝန်ကြီးများ၏ အလုပ်ရှုပ်နေပုံများကို စာမျက်နှာတိုင်းတွင် မြင်တွေ့ခဲ့ကြမည်ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ ဝန်ကြီးအများစုကိုမူ အစိုးရသတင်းစာများတွင် “မျက်နှာမမြင်” ရသည်မှာ ရက် ၁၀၀ စီမံကိန်း ပြီးစဉ်ကတည်းကပင် ဖြစ်သည်။ တစ်ဖက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook စာမျက်နှာမှတဆင့် မောင်တောအခြေအနေများနှင့် ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းများ၊ နေ့စဉ် မှုခင်းသတင်းများကိုသာ တတွင်တွင် တင်ဆက်နေသည်ကို တွေ့ရသည်။

ထို့ပြင် နိုင်ငံတော်၏ အရေးပါသည့် ထုတ်ပြန်ချက်များ၊ ကြေညာချက်များကို အဆိုပါ အတိုင်ပင်ခံရုံးကသာ တာဝန်ယူထားပုံရပြီး ယင်းကိစ္စရပ်များအတွက် တာဝန်ယူရမည့် ပြန်ကြားရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍ ပျောက်ကွယ်နေသည်ကို တွေ့ရသည်။

တဆက်တည်းမှာပဲ ပြီးခဲ့သည့်လပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးသည် တရားဝင် ကြေညာမှုမရှိဘဲ ယာယီညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူလိုက်သည်ကိုလည်း တွေ့ရသည်။

အဆိုပါအချက်များကြောင့် လာမည့် ဝန်ကြီးအပြောင်းအလဲတွင် ပထမဆုံးပါဝင်နိုင်မည့်သူမှာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဖြစ်သည်ဟု ကောက်ချက်ချနေကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် အခြေအတင်ဖြစ်ရာမှ စိုက်ပျိုးရေး ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို ရာထူးမှ ထုတ်ပယ်လိုက်စဉ်ကတည်းက ဝန်ကြီးအပြောင်းအလဲလုပ်မည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလအတွင်းက ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သမ္မတဦးထင်ကျော် တက်ရောက်နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလအတွင်းက ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သမ္မတဦးထင်ကျော် တက်ရောက်နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

၂၀၁၆ ခုနှစ်နှောင်းပိုင်းက သမ္မတဦးထင်ကျော်ကိုယ်တိုင်သည်ပင် ရာထူးမှ နုတ်ထွက်မည်ဟု စာတင်ထားသည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့သေးသည်။

အစိုးရအဖွဲ့ ဝန်ကြီးအပြောင်းအလဲ ရှိမည်လားဟူသည်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ အမတ် တဒါဇင်ကျော်ကို Frontier က မေးမြန်းခဲ့ရာတွင် သမ္မတ အပြောင်းအလဲနှင့်ပတ်သက်၍ “မဖြစ်နိုင်” ဟု ပြောဆိုခဲ့ကြသည်။

သို့သော် ဝန်ကြီးချုပ်အချို့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးအချို့ အပြောင်းအလဲရှိလိမ့်မည်ဆိုသည်ကိုမူ အမတ်များက အတိအကျ ခန့်မှန်းနေကြပြီဖြစ်သည်။

လာမည့် ဧပြီတွင် ကျင်းပမည့် “ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့အချိန်လောက်ကျရင်တော့ ဖြစ်လိမ့်မယ်။ ဒီမတိုင်ခင်တော့ အလုပ်ရှုပ်ကြမှာ” ဟု အမည်မဖော်လိုသူ အမတ်တဦးက Frontier ကို ပြောသည်။

ကြီးထွားလာသည့် အဆင်မပြေမှုများ

ဝန်ကြီးအပြောင်းအလဲများ ပြုလုပ်မည်ဆိုခြင်းနှင့် ဝေဖန်မှုများ မြင့်တက်လာခြင်းသည် အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ပုံပေါ်တွင် မူတည်၍ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အစိုးရသက်တမ်းသည် တနှစ်နီးပါးရှိနေပြီ ဖြစ်သည်။ စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ သိသာထင်ရှားသည့် အပြောင်းအလဲမျိုးကို အစိုးရက မလုပ်နိုင်သေးဟု ဆိုကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အကြိမ်ကြိမ်ပေးခဲ့ကြသည့် ကတိကဝတ်များမှာလည်း ယခုအချိန်ထိ အကောင်အထည် မမြင်ရသေးပေ။

လွှတ်တော်အမတ်များကမူ လက်ရှိအစိုးရသည် ယခင်အစိုးရ၏ အရှုပ်တော်ပုံများကို ဖြေရှင်းနေကြရင်း ရှေ့ဆက်ပြီး တိုးတက်မှုများကို မလုပ်နိုင်ကြဟု စောဒက တက်ကြသည်။ အထူးသဖြင့် အစိုးရနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အဂတိလိုက်စားမှုများကို ယခုအချိန်ထိ ဖြေရှင်းနေရဆဲ ဟု ဆိုကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများသည် နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ုကိုသာ စောင့်ဆိုင်းနေကြပြီး ကိုယ်ပိုင်လုပ်ပိုင်ခွင့်များကိုလည်း အသုံးမချနိုင်ကြသေးဟု လွှတ်တော်အမတ်များက ဆိုသည်။

အဆိုပါကိစ္စရပ်များတွင် ယခင်အစိုးရလက်ထက်က ကျန်ရှိခဲ့သည့် ဗျူရိုကရက်ယန္တရားအောက်တွင် မူဝါဒအသစ်များကို အကောင်အထည်ဖော်ရာ၌ အဓိက အခက်အခဲဖြစ်နေခြင်းကို တွေ့ရသည်။

ဒီချုပ်၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် ခေါင်းကိုင်ဖခင်လည်းဖြစ်သူ ဦးဝင်းထိန်က ဝန်ကြီးများ အပြောင်းအလဲ ဖြစ်မည်၊ မဖြစ်မည်ကို အတိအကျ မပြောနိုင်သေးဟု Frontier နှင့် တွေ့ဆုံရာတွင် ပြောဆိုထားသည်။ 

သို့သော် ဝန်ကြီးများ အပြောင်းအလဲအတွက် ပြင်ဆင်နေပြီး ပါတီအနေနှင့်လည်း ဝန်ကြီးများ၏ တိုးတက်မှုမရှိခြင်းကို သိထားကာ စောင့်ကြည့်ထားကြောင်း ဦးဝင်းထိန်က ဆိုသည်။

“တချို့ဝန်ကြီးတွေမှာ ချို့ယွင်းချက်တွေရှိတယ်ဆိုတာ သိပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။ ယင်းကဲ့သို့ ချို့ယွင်းချက်များကြောင့် လူထု၏ ဝေဖန်မှုများကို ယခု ခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါအချက်မှာ ဝန်ကြီးများသည် စစ်တပ်မှဆင်းသည့် ယခင်အစိုးရကဲ့သို့ အုပ်ချုပ်ရေးပိုင်းတွင်  အတွေ့အကြုံမရှိသည့်အတွက်ကြောင့်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ဝန်ကြီးများ၏ လှုပ်ရှားဆောင်ရွက်မှုများ တဖြည်းဖြည်းနှင့် ပြောင်းလဲလာလိမ့်မည်ဟုလည်း ဦးဝင်းထိန်က မျှော်လင့်ထားသည်။

ဝန်ကြီးများ၏ အပြောင်းအလဲကိစ္စများနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ဆီကို ဒီကိစ္စတွေ တင်ပြမယ်။ သူ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးဝင်းထိန်က Frontier ကိုပြောသည်။

စိုက်ပျိုးရေးဒုဝန်ကြီး ဒေါက်တာထွန်းဝင်း နှုတ်ထွက်ခဲ့ရစဉ်က ဦးဝင်းထိန်က ၎င်းကို နုတ်ထွက်ခိုင်းခဲ့သည်ဟု ပြောဆိုထားသည်။ ဝန်ကြီးအပြောင်းအလဲသည် ဦးဝင်းထိန်အပေါ် မူတည်နေသလားဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

“တကယ်သင့်တော်တဲ့သူပဲ ဒီတာဝန်ကို ထမ်းဆောင်ရမှာပေါ့။ ပါတီက လုပ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့သူကပဲ တာဝန်ယူရမှာပေါ့။ ဒီလိုမှ မဟုတ်ဘဲ ပါတီသွားချင်တဲ့လမ်းကြောင်းက သွေဖယ်ရင်တော့ ဥပမာ ပင်လယ်ထဲမှာ သင်္ဘောသွားသလိုပဲ။ လမ်းကြောင်းမှားရင်တော့ ဒါကို ပြင်ရမယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လ ၃၀ ရက်နေ့ကေ ဒါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်း၏ အစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိမ်ဆိုနေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပြီးခဲ့သည့်နှစ် မတ်လ ၃၀ ရက်နေ့ကေ ဒါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်း၏ အစိုးရအဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိမ်ဆိုနေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နိုင်ငံရေးဆိုင်ရာစာများ ရေးသားသူလည်းဖြစ်၊ ဒီချုပ်ပါတီ၏ အမတ်လည်းဖြစ်သူ ဦးဝင်းထွဋ်ဇော်ကမူ လက်ရှိဝန်ကြီးများ၏ အခက်အခဲများသည် နိုင်ငံရေးအတွေ့အကြုံ နည်းပါးသည့်အတွက် ဖြစ်နေရသည်ဟု အတိအလင်း ဆိုသည်။

“သူတို့ Ph.D တွေ ငါးခုရရ၊ ဆယ်ခု ရရ၊ အရေးမကြီးဘူး။ အထူးသဖြင့် ဒီနိုင်ငံမှာပေါ့.. ဒါတွေက အရေးမကြီးဘူး” ဟု ဆိုပြီး “အမှန်က သူတို့ လုပ်ပုံကိုင်ပုံတွေက အရမ်းနှေးကွေးလွန်းနေတယ်” ဟု ဦးဝင်းထွဋ်ဇော်က ဝေဖန်သည်။

စုံစမ်းစစ်ဆေးမှုအောက်က ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးများ

ယခုကဲ့သို့ ပြည်ထောင်စုအဆင့် ဝန်ကြီးများအပြောင်းအလဲများနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေချိန်မှာပဲ တစ်ဖက်တွင်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ အရေးမှာလည်း မျက်ခုံးတလှုပ်လှုပ်နှင့် ဖြစ်နေသည်။

လက်ရှိ ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၎င်း၏ အစိုးရသည် အလွန်အလုပ်ရှုပ်နေပြီး အပြောင်းအလဲကို “စိတ်မပူကြောင်း” Frontier ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားသည်။

သို့သော် အခြားတစ်ဖက်တွင် တနင်္သာရီဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်အနေနှင့်လည်း အခက်အခဲများ ရင်ဆိုင်နေရသလို ဆုံးဖြတ်ရခက်သည့် အခြေအနေများ ကြုံတွေ့နေရသေးသည်။

မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ဝန်ကြီးများအခြေအနေနှင့် ပတ်သက်၍ Frontier က အကြီးတန်း အစိုးရအရာရှိများကို မေးမြန်းရာတွင် ဝန်ကြီးအပြောင်းအလဲနှင့်ပတ်သက်၍ “မျက်ခုံးခပ်လှုပ်လှုပ်ပဲ” ဟု ဆိုကြသည်။

မကြာမီက နုတ်ထွက်သွားခဲ့သည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကမူ တစ်စုံတစ်ယောက်၏ ဖိအားပေးမှုမပါဘဲ ၎င်း၏ ဆန္ဒအလျောက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ဦးမင်းမင်းဦး၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အားရခဲ့ပုံမရပေ။ ထို့ပြင် အစည်းအဝေးများ ပုံမှန်မတက်ခြင်းနှင့် စီးပွားရေးကိစ္စများနှင့်ပတ်သက်၍လည်း စွပ်စွဲခံရမှုများ ရှိခဲ့သည်။ ထို့နောက် ဒီချုပ်ပါတီက အဖွဲ့ဝင်သုံးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ၎င်းကို စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဦးမင်းမင်းဦးကို စစ်ဆေး မေးမြန်းခဲ့သေးသည်။ ယခုအချိန်တွင် ဦးမင်းမင်းဦးနေရာတွင် ဒေါက်တာအေးဇံကို အစားထိုးခန့်အပ်ထားပြီး ဖြစ်သည်။

ရှမ်းပြည်နယ်တွင်လည်း ဝန်ကြီးချုပ်ဦးလင်းထွဋ်ကို ၎င်း၏ လုပ်ကိုင်ဆောင်ရွက်များနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး အထူးသဖြင့် ပြည်နယ်မြောက်ပိုင်းနေပြည်သူများ၏ ထောက်ခံမှုမှာ မရှိသလောက် ဖြစ်နေသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာက မူဆယ်တွင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုအပြီး ဝန်ကြီးချုပ်၏ ဆောင်ရွက်မှုတစုံတရာကိုလည်း မတွေ့ခဲ့ရသလို ဝန်ကြီးချုပ်၏ တည်ရှိနေမှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာနေပြီဖြစ်သည်။

ယခင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကမူ အစိုးရအဖွဲ့ အပြောင်းအလဲများနှင့် ပတ်သက်ပြီး “အချိန်နည်းနည်းစောသေးတော့ မဝေဖန်ချင်သေးဘူး” ဟု Frontier ကို ဖြေကြားခဲ့သည်။

သို့သော် ဝန်ကြီးအပြောင်းအလဲကိစ္စများအပေါ် ဦးဝင်းထိန်က “ပါတီရဲ့ ရည်ရွယ်ချက်က တိုးတက်အောင် လုပ်မယ်။ လူနေမှုအဆင့်အတန်း မြင့်အောင်လုပ်မယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ဒါတွေ ဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင်၊ မလုပ်နိုင်တဲ့သူရှိလာပြီဆိုရင် အချိန်ဖြုန်းနေမှာ မဟုတ်ဘူး” ဟု ပြောကြားထားလေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar