သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားသည်ဟု ပြောကြားမှုကို ပြန်ကြားရေးဝန်ကြီး မေးခွန်းထုတ်

ဆန်းဦး

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားသည်ဟု ပြောကြားမှုများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မေးခွန်းထုတ်လိုက်ပြီး သုတေသနပြုလုပ်မှသာ အခြေအနေမှန်ကို သိနိုင်မည်ဟု ပြောကြားသည်။

“ကျွန်တော်ကြားသိရတာက ကျွန်တော်တို့နိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေသယောင်၊ အထူးသဖြင့် နောက်ပိုင်းမှာ ပိုပြီး ပြောဆိုလာကြတာက အရင်ကထက်တောင် ပိုပြီးတော့ ဆုတ်ယုတ်နေသယောင် ပြောဆိုနေကြတာတွေ ကြားသိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

“အဲဒီလို ပြောဆိုနေကြသူတွေကို ကျွန်တော်အကြံပြုချင်ပါတယ်။ အပြစ်တင်ရရင်ပြီးရောဆိုပြီး သိမ်းကျုံးပြောဆိုတာမျိုး မလုပ်ပါနဲ့။ တိတိကျကျ လေ့လာသုံးသပ်ပြီး ပြောပေးပါ” ဟု နေပြည်တော်တွင် ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပသည့် မီဒီယာဖွံ့ဖြိုးတိုးတက်မှု ညီလာခံတွင် ၎င်းကပြောကြားသည်။

ထိုသို့ပြောဆိုခြင်းအားဖြင့် ၎င်းတို့တွင်လည်း စဉ်းစားဝေဖန်စရာများနှင့် ဆင်ခြင်စရာများ ရှိလာလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း စာပေစိစစ်ရေးစနစ် ဖျက်သိမ်းပြီးနောက် တိုးတက်မှုရှိလာခဲ့သည်ဟု ဦးဖေမြင့်က ပြောကြားခဲ့သည်။ ထိုကာလနောက်ပိုင်း စာနယ်ဇင်းများအနေဖြင့် အစိုးရကို လွတ်လွတ်ကျွတ်ကျွတ် ဝေဖန်ရေးသားနိုင်လာသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရဌာနဆိုင်ရာတွေ၊ အစိုးရလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘယ်လောက်များများ ဝေဖန်ရေးသားခဲ့သလဲ။ အဲဒါ ကြည့်ပါ” ဟု ဦးဖေမြင့်က ပြောကြားသည်။ ထို့ပြင် လက်ရှိအစိုးရလက်ထက် နှစ်နှစ်ခွဲကာလအတွင်း ပေါ်ပေါက်လာသည့် သတင်းစာများ၊ ဂျာနယ်များတွင် ရေးသားခဲ့မှုများကို နှိုင်းယှဉ်သုံးသပ်ရန်လည်း ၎င်းကပြောကြားသည်။

“တကယ်ဘက်လိုက်မှု ကင်းစင်တဲ့ အဖွဲ့အစည်းများကို ငှားရမ်းပြီး သုတေသနပြုလိုက်ရင် တကယ့် အခြေအနေမှန်ကို သိရပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ်က စတင်ပြီး သတင်းမီဒီယာအပေါ် ဥပဒေအရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် အမှုပေါင်း ၂၈ မှု၌ သတင်းသမား ၄၄ ဦး အမှုရင်ဆိုင်နေရသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ကျဆင်းလာနေသည်ဟု မြန်မာသတင်းသမား အများစုက ယုံကြည်ကြကြောင်း Free Expression Myanmar ၏ မေ ၂ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းပါ တွေ့ရှိချက်များအရ သိရသည်။ နိုင်ငံတစ်ဝန်းရှိ သတင်းသမားများအနက် ၂၀၀ ဦးခန့်၏ သတင်းဆိုင်ရာ လုပ်ငန်းတွင်းမှ ဆွေးနွေးသင့်သည့် ကိစ္စရပ်အမျိုးမျိုးအပေါ် ရှုမြင်ချက်များကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာမှ ယခုနှစ် ဧပြီလအထိ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလျက် မှတ်တမ်း ပြုစုခဲ့ကြခြင်း ဖြစ်သည်။ ယင်းစစ်တမ်းအရ တပ်မတော်အပါအဝင် မြန်မာအစိုးရသည် သတင်းလွတ်လပ်ခွင့် ကျဆင်းမှုကို ဖြစ်စေသော အဓိက အကြောင်းအချက်ဖြစ်နေသည်။

၂၀၁၂ ခုနှစ်တွင် စာပေစိစစ်ရေးစနစ် ဖျက်သိမ်းမှု မပြုမီ အချိန်က ကမ္ဘာ့သတင်းလွတ်လပ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင် ၁၇၄ တွင် ရှိနေခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ သတင်းမီဒီယာ လုပ်ငန်းနယ်ပယ်အပေါ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် အဆင့် ၁၃၁ အထိ မြင့်တက်လာခဲ့သည်။

သို့သော် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ယခုနှစ်အတွက် ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) တွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၇ သို့ ရောက်ရှိသွားသည်။ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ခြောက်ဆင့် ကျဆင်းသွားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးဖေမြင့်ကမူ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထိုသို့ အဆင့်သတ်မှတ်မှုများကို မေးခွန်းထုတ်လိုက်ပြီး ထိုအဖွဲ့များသည် ငွေကြေးပံ့ပိုးသည့် နိုင်ငံများ၊ အစိုးရများ၏ သဘောထားနှင့် သြဇာအတိုင်း ရပ်တည်နေကြသည်ဟု စွပ်စွဲလိုက်သည်။

“Reporter Without Border (နယ်စည်းမခြား သတင်းထောက်များအဖွဲ့) ရဲ့ အကဲဖြတ်ချက်နဲ့ ပတ်သက်လို့ ဒီအဖွဲ့ကလည်းပဲ စောစောက ပြောတဲ့ Independent (လွတ်လွတ်လပ်လပ်) ဆိုတာထက် သူသည် ပြင်သစ်အစိုးရရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါအဖွဲ့တွင် ဦးဆောင်ပါဝင်သူများမှာ ပြင်သစ်လူမျိုးများဖြစ်ကာ ပြင်သစ်တွင် ဥရောပအတွေးအမြင်ဖြင့် ကြီးပြင်းသူများက ၎င်းတို့၏ သဘောထားအမြင်ဖြင့် တိုင်းတာ အကဲဖြတ်နေခြင်းသာဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

မီဒီယာလွတ်လပ်ခွင့်အား အကဲဖြတ်နေသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ သြဇာမှ မလွတ်ကင်းဟု ဦးဖေမြင့်က ပြောကြားသည်။

“နိုင်ငံတကာ မီဒီယာများကို လေ့လာ သုံးသပ် အကဲဖြတ်ပြီးတော့ ဘယ်သူက ဘယ်အဆင့် ရှိတယ်ဆိုပြီး အဆင့်အတန်းတွေ ခွဲခြား သတ်မှတ်ပေးတဲ့၊ တစ်နည်းပြောမယ်ဆိုရင် မီဒီယာများရဲ့ အထက်ကရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ကိုယ်တိုင်သည်ပင်လျှင် သူတို့ကို ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များရဲ့ သြဇာက မလွတ်ကင်းဘူး။ အဲဒီ သြဇာနောက်ကို လိုက်ပြီးတော့ ဘက်လိုက်မှုတွေနဲ့ သူတို့ သုံးသပ်တယ်။ မှတ်ချက်တွေ ချနေကြတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ မီဒီယာအညွှန်းကိန်းများ ကျဆင်းလာကြောင်း အစီရင်ခံစာများ ရေးသား ထုတ်ပြန်ခဲ့သည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက ဘက်လိုက်ခဲ့ကြောင်းနှင့် အမှတ်ပေးပုံများမှာ ပွင့်လင်းမြင်သာမှုမရှိဟု ဦးဖေမြင့်၏ ပြောကြားချက်ကို မြန်မာနိုင်ငံရှိ မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်း ၁၆ ဖွဲ့က ချက်ချင်း ကန့်ကွက်လိုက်သည်။

“ဝန်ကြီး၏ ပြောဆိုမှုသည် အစီရင်ခံစာများပါ သုတေသန နည်းပညာနှင့် အဓိက ရှာဖွေတွေ့ရှိချက်များအပေါ် ရှင်းလင်းချက်များအား မျက်ကွယ်ပြုပြောဆိုနေခြင်းသာဖြစ်သည်” ဟု မြန်မာမီဒီယာဖွံ့ဖြိုးရေးစင်တာ၊ မြန်မာဂျာနယ်လစ်ကွန်ယက်နှင့် ပဲန်မြန်မာအပါအဝင် အဖွဲ့အစည်းများက ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။

“ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ မီဒီယာလွတ်လပ်ခွင့် အဆင့်အတန်းအား တညီတညွှတ်တည်း မီးမောင်းထိုးပြနေမှုအပေါ် ယင်းအရှိတရားကို လက်ခံမှသာ လွတ်လပ်ခွင့် ကျဆင်းစေသည့် ပြဿနာရပ်များကို အတူလက်တွဲရှာဖွေနိုင်မည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

ပြည်ထောင်စုဝန်ကြီး၏ ပြောဆိုမှုများသည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသောကြောင့် ၎င်းတို့အနေဖြင့် အပြင်းအထိ ကန့်ကွက် ရှုံ့ချလိုက်ပါသည်ဟုလည်း ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.