တိုင်းပြည်၏ စိန်ခေါ်မှုများ၊ ပြဿနာများနှင့် ပတ်သက်ပြီး တည့်တည့်ကြည့်ရန်နှင့် အတိတ်ကို ပြန်ပြန် မကြည့်သင့်ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
“ကျွန်မတို့ နိုင်ငံရေး လုပ်တယ်ဆိုတာ အနာဂတ်ကိုကြည့်ပြီး လုပ်ရပါတယ်။ အနာဂတ်ကို ဦးတည်ပြီး ကြည့်တာကတော့ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ရမှာပါ။ ပြောချင်တာက ပစ္စုပ္ပန်ကိုတည့် တည့်ကြည့်ပါ။ အခုဖြစ်ပေါ်နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တည့်တည့် ကြည့်ပါ” ဟု ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် သြဂုတ် ၉ ရက်နေ့က ကျင်းပသည့် ဒေသခံပြည်သူများနှင့် စကားဝိုင်းတွင် ၎င်းက ထည့်သွင်းပြောကြားသည်။
“အရင်တုန်းက အတိတ်ကို ပြန်ပြန်သွားပြီး အတိတ်ရဲ့ အကျဉ်းသမားတွေလည်း မဖြစ်သင့်ဘူး။ အနာဂတ်ကိုပဲ မျှော်ကိုးပြီးတော့ အခုလုပ်ကြမယ့်ဟာကို မလုပ်ကြဘဲ အနာဂတ်၊ အနာဂတ်ဆိုပြီး မဖြစ်သေးတဲ့ကိစ္စကို အာရုံစိုက်နေလို့ မဖြစ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။
လက်ရှိလုပ်ရမည့် ကိစ္စများအား အားလုံးဝိုင်းဝန်းလုပ်ဆောင်မည်ဆိုပါက ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူပြည်သားများအနေဖြင့် ကိုယ်ကိုကိုယ် ယုံကြည်မှုရှိကြစေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး နိုင်ငံရေးကို စိတ်ဝင်စားကြရန်လည်း တိုက်တွန်းခဲ့သည်။
“နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတာ နိုင်ငံရေးပါတီဝင်ပြီး နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေရှိရင် ကိုယ့်တာဝန်တွေကိုလည်း မမေ့ဖို့ အင်မတန်မှ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
“ပြည်သူလူထု အရည်အချင်းပြည့်ဝရင် အရည်အချင်းမဲ့တဲ့ အစိုးရတစ်ခုတက်ဖို့ အင်မတန်မှခက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကနေ ဆင်ခြင်တုံတရား ရှိနေရင် အစိုးရကလည်း ကောင်းလေပဲ။ ဆင်ခြင်တုံတရားရှိရုံနဲ့လည်း မလုံလောက်ဘူး။ ပြည်သူလူထုကနေ သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုယ်ယုံကြည်ရာဘက်ကနေ ရပ်တည်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစသည်တို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးပြောကြားခဲ့သည်။