နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရာနှုန်းပြည့် မျှော်လင့်ထားသလို အစိုးရနဲ့ တပ်မတော် စိတ်တူသဘောတူ ရှိနေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အတူလိုက်ပါဖို့ လိုတယ်လို့ တပ်မတော်ဖက်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ရိပ်သာမှာ အင်္ဂါနေ့၊ နေ့လည်ပိုင်းက မီဒီယာအချို့ကို ဖိတ်ခေါ်ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်း တပ်မတော်ဖက်က ဒီလို သဘောထားတွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး သတင်းစာတစ်စောင်က မေးမြန်းရာမှာ “ကျွန်တော်တို့ကတော့ မျှော်လင့်ထားတယ်။ ၁၀၀ ရာခိုင်နှုန်းပဲ။ ကျွန်တေ်တို့ ငြိမ်းချမ်းချင်လို့။ ငြိမ်းချမ်းမှ ကျွန်တော်တို့နိုင်ငံ တည်ငြိမ်မှာ။ တည်ငြိမ်မှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ။ ဒါတွေက ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်”လို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်မြတ်နိုးပြီး တကယ် လိုချင်တယ်လို့လည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရတာဝန်မယူမီ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအစုအဖွဲ့ ၁၆ ဖွဲ့တို့ ပူးပေါင်းရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်မှတ် ရေးထိုးဖို့ လိုတယ်လို့လည်း သူကထပ်ပြီး သတိပေးပါတယ်။
“အခုလက်ရှိ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့က ငြိမ်းချမ်းရေးကို ကြိုးစားပြီးတော့ အကောင်အထည် ဖော်နေတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပင်လုံညီလာခံကြီးကို သွားနေတယ်။ ငြိမ်းချမ်းရေးရထားကြီးကတော့ ဆက်သွားနေမှာပဲ။ အားလုံးပါဝင်ဖို့တော့ လိုအပ်တာပေါ့” လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ NCA စာချုပ်ကို အဖွဲ့ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးထားပါသေးတယ်။ ဝ တို့ ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတော့ NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းထားရတဲ့အခြေအနေ ရောက်နေပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့ တွေက ခေါင်းဆောင်အချို့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း