အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ကျပ်သိန်း ၁,၅၀၀ ကျော်အား တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီတစ်ခုထံမှ တောင်းခံရယူခဲ့သည်ဟုဆိုကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်၍ အဆောက်အဦများ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ဌာန အကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုး သုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေးပေးပါရန် တိုင်ကြားလာမှုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာမှု ထိုသို့တောင်းခံရယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။

ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်းတွင် ၎င်းပိုင်ဆိုင်သည့် မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများအား လည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုး ကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခုတို့အားလည်းကောင်း စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆ (ကျပ်သိန်း ၁,၅၀၀ ကျော်)ကို အဆောက်အဦများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ဧပြီ ၂၀ ရက်နေ့၌ ပထမသတင်းပေးတိုင်ချက် ဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့်က “တိုင်ကြားမှုကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ကျွန်တော်တို့ရရှိခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း သူဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုထားတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမှုဖွင့်ခဲ့ပါတယ်” ဟု ပြောကြားသည်။

ဇမ္မူသီရိရဲစခန်းက ဒေါက်တာသန်းထွဋ်အား ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ပြောကြားသည်။ ပြည်တွင်းသတင်းဂျာနယ်တစ်ခုဖြစ်သည့် News Watch ၏ အဆိုအရ ယနေ့မွန်းလွဲပိုင်းတွင် ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ချုပ်ရက်ရမန်ရယူခဲ့သည်ဟုဆိုသည်။

စွဲဆိုထားသည့် ပုဒ်မအရ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဦးအောင်ကြည် ခေါင်းဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အစိုးရက ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးနောက် ဒေါက်တာသန်းထွဋ်သည့် ပထမဆုံး အရေးယူခံရသည့် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည်။

ကော်မရှင်သစ်ကို စတင်ဖွဲ့စည်းခဲ့သည့်အချိန်က စတင်ကာ ပြီးခဲ့သည့် မတ်လအထိ သုံးလကျော်အတွင်း တိုင်ကြားမှု ၁,၅၈၄ မှု လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအရေအတွက်သည် ပြီးခဲ့သည့် အလားတူကာလချင်း နှိုင်းယှဉ်ပါက ငါးဆခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဦးအောင်ကြည်နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များကို သမ္မတဦးဝင်းမြင့်က ဧပြီ ၁၁ ရက်နေ့က တွေ့ဆုံခဲ့သေးသည်။ ထို့သို့တွေ့ဆုံချိန်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သမ္မတက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar