ထက်ခေါင်လင်း / Myanmar Now
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားများ အကြောင်း မရေးသားရန် ရဲအရာရှိများက ရိုက်တာသတင်းထောက်များအား စစ်ကြောရေးကာလအတွင်း ညှိနှိုင်းခဲ့ကြောင်း သတင်းထောက် ကိုဝလုံးက ဇူလိုင် ၁၇ ရက်နေ့က တရားခွင်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
အသက် ၃၂ နှစ်အရွယ် ရိုက်တာသတင်းထောက်က သူ၏ လုပ်ဖော်ကိုင်ဖက် ကိုကျော်စိုးဦးနှင့်အတူ ရန်ကုန်၊ ရှစ်မိုင်အနီးရှိ အောင်သပြေစစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးခံနေရစဉ် ရဲအရာရှိများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ပြောကြားခဲ့သည်။
သတင်းထောက်များ၏ မိခင်သတင်းဌာန ရိုက်တာအနေဖြင့် အဆိုပါသတင်းများကို မထုတ်ပြန်ပါက ဖမ်းဆီး ထိန်းသိမ်းမှုကို ညှိနှိုင်းကောင်း ညှိနှိုင်းမည်ဟုလည်း ပြောကြားခဲ့ကြောင်း သူက ဆိုသည်။
“ကျွန်တော်က သတင်းသမားဖြစ်တယ်၊ သတင်းဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်းရေးတယ်၊ ထုတ်၊ မထုတ်ကတော့ ကျွန်တော့်မှ ဆုံးဖြတ်ခွင့်မရှိတာကို ပြောလိုက်တယ်” ဟု ကိုဝလုံးက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
၎င်းတို့သည် အဖမ်းမခံရမီ အမှတ် ၈ ရဲတပ်ရင်းမှ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သူများကို လိုက်လံချိတ်ဆက် အင်တာဗျူးများ ပြုလုပ်နေသည့်အချိန်တွင် စုံစမ်းဖော်ထုတ်မှုသတင်းသည် ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး အစိုးရဘက်မှ အတည်ပြုခြင်း၊ တုံ့ပြန်ငြင်းဆန်ခြင်းများကို ရရှိနိုင်ရန် ကြိုးစားနေချိန်ဖြစ်ကြောင်း ကိုဝလုံးက ပြောသည်။
အောင်သပြေစစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဉ် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ဝန်းကျင်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်ထွေးက ဖုန်းဆက်ပြီး သတင်းထောက်များ၏ လက်ကိုင်ဖုန်းများ၏ စကားဝှက်(Password) ကိုတောင်းယူပြီးခဲ့ကြောင်း သူကဆိုသည်။
ဖုန်းအတွင်းရှိ အင်းဒင်ရွာရှိ အရပ်သားများအသတ်ခံရသည့် ပုံများကိုတွေ့ရှိပြီးနောက် ၎င်းတို့ကို စစ်ဆေးသူကိုယ်တိုင် အင်းဒင်ဒေသသို့ သွားရောက်ကာ ဖြစ်ပျက်မှုများ မှန်မမှန်စိစစ်ရန်နှင့် သတင်းထုတ်ပြန်ရန် အဖွဲ့ဖွဲ့ပြီးပြီဖြစ်ကြောင်း၊ မိမိတို့သတင်းဌာနမှ အဆိုပါသတင်းမထုတ်ပြန်မီ စောလျှင်စွာ သက်ဆိုင်ရာဘက်မှ သတင်းထုတ်ပြန်နိုင်ရန် လုပ်ခဲ့ကြောင်း မိမိတို့ကိုလည်း ပြောကြားခဲ့သည်ဟု ကိုဝလုံးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ထို့အပြင် ရိုက်တာသတင်းဌာနမှ အဆိုပါ အစုလိုက်အပြူံလိုက် သတ်ဖြတ်မှု သတင်းကို ထုတ်ပြန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့နောက်ပိုင်းတွင် အဆင့်မြင့် ရဲအရာရှိများ အင်းစိန်အကျဉ်းထောင်သို့ လာရောက်ကာ ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ခဲ့သည့် သတင်းမှန်ကန်မှုရှိမရှိကိုလည်း လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ကိုဝလုံးက ဆိုသည်။
ယင်းစစ်ဆေးမှုအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မျိုးသူစိုး၊ ရဲမှူးချုပ် တင်ကိုကိုနှင့် အောင်သပြေစစ်ကြောရေးတွင် အဓိက တာဝန်ယူစစ်ဆေးခဲ့သည့် သတင်းတပ်ဖွဲ့မှ ရဲမှူးတင်ထွန်းကို ဦးဆောင် ပါဝင်ခဲ့သည်ဟု သူကဆိုသည်။
ကိုဝလုံးအား ဇူလိုင် ၁၇ ရက်နေ့က တရားရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ
“အင်းစိန်အကျဉ်းထောင်ရဲ့ သံတမန်ခန်းမှာ ကျွန်တော်နဲ့ ကိုကျော်စိုးဦးတို့ကို သီးခြားစီလာတွေ့တယ်။ သူတို့က မြန်မာလို ရိုက်တာသတင်းဌာနက ရေးသားခဲ့တာ ဖတ်ခိုင်းပြီး ရေးသားခဲ့တာ မှန်လား၊ မမှန်လားကို လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒီသတင်းကို တာဝန်ယူလားဆိုလုပ်တယ်။ အဲဒီသတင်းမှာပါတဲ့ သတင်းရင်းမြစ်နာမည်တွေကို ပြောဖို့ ရဲမှူးချုပ်တင်ကိုကိုက ပြောတယ်” ဟု ကိုဝလုံးက တရားခွင်တွင် ထွက်ဆိုသည်။
မိမိတို့သည် သတင်းထောက်များဖြစ်ပြီး သတင်းကျင့်ဝတ်နှင့်အညီ မိမိတို့သတင်းရင်းမြစ်များကို ပြောဆိုခွင့် မရှိကြောင်း၊ ရိုက်တာသတင်းဌာနသို့သာ ဆက်သွယ်မေးမြန်းရန် ပြန်လည်ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုသို့ အင်းစိန်ထောင်တွင် လာရောက်တွေ့ဆုံမှုအတွက် ဗီဒီယိုမှတ်တမ်းများကို ရိုက်ယူသွားကြောင်း၊ မည်သူ၏ ခွင့်ပြုချက်၊ မည်သူ၏ စေခိုင်းချက်အတွက် လာရောက်တွေ့ဆုံခဲ့ကြခြင်းဆိုသည့် အထောက်အထားများကိုမူ ပြသခြင်းမရှိကြောင်း သူက တရားခွင်တွင်ပြောသည်။
၎င်းတို့သည် မည်သည့်လျှို့ဝှက်ချက်များကိုမှ ရဲတပ်ဖွဲ့ထံမှ မတောင်းယူခဲ့ကြောင်း၊ သတင်းသမား ကျင့်ဝတ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အပေါ်တွင်လည်း မည်သည့်လျှို့ဝှက်ချက်များကိုမှ သစ္စာဖောက်ခဲ့သည့် အတွေးအခေါ်၊ အကြံအစည်များ မပြုလုပ်ပဲ အကျိုးဖြစ်ထွန်းစေမည့် လုပ်ရပ်များကိုသာ လုပ်ခဲ့ကြောင်း ယနေ့ရုံးချိန်းတွင် သက်သေအဖြစ် အစစ်ခံခဲ့သည့် ရိုက်တာသတင်းထောက် ကိုဝလုံးက တရားရုံးတော်သို့ လျှောက်ထားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲကာ စွဲချက်တင်ခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးသည် အင်းစိန်အကျဉ်းထောင်တွင် ခုနစ်လကျော်ကြာ အချုပ်ဖြင့် တရားရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ၃ (၁) (ဂ) အရ “နိုင်ငံ့လုံခြုံရေး သို့မဟုတ် အကျိုးကို ထိခိုက်စေရန် မည်သည့်လျှို့ဝှက်ချက်ကိုမဆို ရယူခြင်း၊ သို့မဟုတ် ရန်သူအားပေးခြင်း” စသည်တို့သည် ပြစ်မှုမြောက်သည်ဟု ပြဌာန်းထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှန်နိုင်သည်ဟု ဆိုထားသည်။