မျှော်လင့်ချက်ပြည့်ခဲ့ကြတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး

ရဲမွန်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးဟာ သမ္မတဦးဝင်းမြင့်ရဲ့ ယခုနှစ်အတွင်း တတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ မေ ၇ ရက်(ယနေ့) မှာ လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရကြောင်း သက်သေတွေ အခိုင်အမာရှိခဲ့ပေမဲ့လည်း အဲဒီသက်သေတွေကို တရားရုံးအဆင့်ဆင့်က လျစ်လျူရှုခဲ့ကြတာမှာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အဆင့်အထိ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ရိုက်တာသတင်းထောက် နှစ်ဦးအနေနဲ့ ဥပဒေကိုချိုးဖောက်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူခဲ့တာလို့ ပြောကြားထားပြီး သတင်းလွတ်လပ်ခွင့်နဲ့မသက်ဆိုင်လို့လည်း ပြည်ပနိုင်ငံတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့ရဲ့အကြီးအကဲကိုယ်တိုင် အဲဒီလိုပြောဆိုခဲ့တာကြောင့် သတင်းထောက် နှစ်ဦးအပါအဝင် သူတို့ရဲ့ မိသားစုဝင်များအနေနဲ့ အကျဉ်းထောင်မှလွတ်မြောက်ဖို့အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ မှေးမှိန်ခဲ့ကြရပေမဲ့ တရားစီရင်ရေးလမ်းကြောင်းကနေ လွတ်မြောက်နိုင်ဖို့အတွက် နောက်ဆုံးအဆင့်ထိ ဆောင်ရွက်ခဲ့ကြပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၅၁၁ ရက်ကြာ နေထိုင်ခဲ့ကြရတဲ့ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ ဧပြ ီ၂၃ ရက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အယူခံအမိန့်ချမှတ်အပြီးမှာတော့ တရားစီရင်ရေးလမ်းကြောင်းကို အဆုံးသတ်ခဲ့ပါတယ်။

သူတို့ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က မိသားစုဝင်များက သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားပေးပါရန်တောင်းဆိုတဲ့စာကို ဧပြီလက ပေးပို့ခဲ့တာကြောင့် ရလဒ်ကောင်း ရခဲ့တဲ့သဘောမျိုးသက်ရောက်တယ်လို့ Frontier ကိုပြောပါတယ်။

“သမ္မတကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ရဲ့အတွေ့အကြုံအရ စာနာပြီးလုပ်တာလို့ထင်ပါတယ်။ သူတစ်ဦးတည်းရဲ့ တာဝန်ယူမှုနဲ့လွှတ်ပေးတာလို့ထင်ပါတယ်” လို့ သူကဆိုပါတယ်။

သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း မိသားစုဝင်များရဲ့ စာပေးပို့တောင်းဆိုမှုကြောင့် အကြီးအကဲများက လွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ လွိုင်ကော်မြို့မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ပို့လာတဲ့အပေါ်မှာ လူကြီးတွေက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် မျှော်တွေးပြီး ပြန်လွှတ်လိုက်ရခြင်းဖြစ်ပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

မိသားစုနဲ့တစ်နှစ်ခွဲကျော်ကြာ ကွဲကွာခဲ့ကြရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံပုံကို ရိုက်တာသတင်းဌာနက ဖြန့်ဝေခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လကဆင့်ကမ်း ဖြန့်ဝေခဲ့ကြတာကို တွေ့ရပါတယ်။

ရှေ့နေဦးခင်မောင်ဇော်က သတင်းထောက်နှစ်ဦး လွတ်မြောက်မှုဟာ သူတို့ရဲ့ မိသားစုဝင်များအတွက်သာ ဝမ်းမြောက်စရာကိစ္စမဟုတ်ဘဲ မြန်မာ့သတင်းမီဒီယာလောက တစ်ခုလုံးအတွက် ဝမ်းမြောက်စရာကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့် အလားအလာကောင်းနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ နိုင်ငံတကာမှာ ကျဆင်းနေတဲ့ပုံရိပ်လည်း ပြန်တက်လာနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

လွတ်မြောက်လာတဲ့ သတင်းထောက် ကိုဝလုံးက ဝန်းရံထောက်ပံ့ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ သတင်းထောက်အလုပ်ကို ဆက်လုပ်သွားမှာဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်က အထွက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“သတင်းခန်းကို သွားရဖို့အတွက် ကျွန်တော်မစောင့်နိုင်တော့ဘူး” လို့ ကိုဝလုံးက ဆိုပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံရှိ သံရုံးတချို့က ဝမ်းမြောက်ကြောင်းသတင်းများ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာအဖွဲ့အစည်းတချို့ကလည်း ဂုဏ်ပြုကြောင်း ရည်ညွန်းပြောဆိုတဲ့ သတင်းထုတ်ပြန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်သတင်းစာပညာကျောင်းရဲ့သတင်းထုတ်ပြန်မှုမှာတော့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ကနဦးကတည်းက တရားဥပဒေချိုးဖောက်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ သတင်းစာပညာရဲ့အမြင့်မားဆုံး တာဝန်ကို သတ္တိရှိရှိနဲ့ ထမ်းရွက်ခဲ့သူတွေဖြစ်တာကြောင့် ဂုဏ်ပြုစရာ စံပြသတင်းစာဆရာများအဖြစ် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုက်တာသတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပေမဲ့လည်း RFA ၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group အစရှိတဲ့ သတင်းဌာန သုံးခုကို တပ်မတော်ဘက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ (၂) စတဲ့ပုဒ်မများနဲ့ တရားစွဲဆိုထားဆဲဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.