အဂတိလိုက်စားမှုအား ဆန့်ကျင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ဇွန် ၂ ရက်နေ့က သဘောတူခဲ့ကြသည်။
အဆိုပါ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြေညာစာတမ်း”ကို UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
“နိုင်ငံတွင်းမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းများဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခြင်းမရှိကြဘဲ အဂတိ လိုက်စားမှုကို နားလည်ပြီး ရှောင်ကြည်ကြဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ပေါ်ပေါက်လာပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုဝင်ရောက်လာမှာပါ” ဟု ဦးဇော်မင်းဝင်းက ပြောသည်။
ပူးတွဲကြေညာချက်တွင် လုပ်ငန်းကုမ္ပဏီများအကြားနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များအကြားတွင် အဂတိလိုက်စားမှု ဆန့်ကျင်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် အလေ့အကျင့်ကောင်းများ ဝေမျှနိုင်ရန် ကွန်ရက်များ တည်ဆောက်ခြင်းနှင့် United Nations Global Compact Network Myanmar နှင် ချိတ်ဆက်ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု UMFCCI ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလက်မှတ်ရေးထိုးခြင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အလွန်ထူးခြားလေးနက်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အခမ်းအနားတွင် ပြောကြားသည်။