အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်လှစ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်ရုံးခွဲကို မတ် ၁၆ ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က တက်ရောက်ခဲ့သည်။

ရန်ကုန်ရုံးခွဲကို ဗဟိုပြု၍ ဆက်စပ်နေသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ထို့ပြင် လူထုနှင့်ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့် ရရှိလာမည်ဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။ ရန်ကုန်ရုံးခွဲက အများပြည်သူ အကျိုးစီးပွားအတွက်သာလျှင် ဖြစ်ရမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး သတင်းစကားများကို ဖလှယ်ရာ၊ အကြံပေး ဆွေးနွေးတိုင်ပင်ရာ၊ လေ့ကျင့်သင်ကြားပေးသောနေရာ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရာနှင့် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရာ နေရာတစ်ခုအဖြစ် မကြာခင်ဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်ဟုလည်း ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အစိုးရ၏ လည်ပတ်မှုစနစ်နှင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များကြားတွင် ပိုမိုကောင်းမွန်သော အသိပညာများကို ကော်မရှင်၏ ရန်ကုန်ရုံးခွဲက ပေးနိုင်လိမ့်မည်ဟု ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။

ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူအားလုံးသည် မိမိတို့လုပ်ငန်းဆောင်ရွက်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားရန် လိုအပ်ကြောင်းနှင့် အသိပညာပေးမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းထိန်းညှိပြီး သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်ကလည်း နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည့်ဝသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ်မျှတသော လူနေမှုဘဝကို ခိုင်မြဲစွာတည်ဆောက်ရန် ရည်မှန်းလျက် အဂတိလိုက်စားမှုများကို အင်တိုက်အားတိုက် တက်ညီလက်ညီ တိုက်ဖျက်သွားကြရန်ဖြစ်သည်ဟု ပြောကြားသည်။

ကော်မရှင်၏ မန္တလေးရုံးခွဲကိုလည်း ယခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်သွားမည်ဟု ကော်မရှင်မှ သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar