အကြမ်းဖက်မှုတားဆီးရေးတွင် ဧည့်စာရင်းကို အကြောင်းပြမှု မှားယွင်းဟု ဦးဝင်းမြင့် တုံ့ပြန်

နေပြည်တော်

ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်း မပြုလုပ်နိုင်တာကြောင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အခက်တွေ့နေတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လွဲမှားနေတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အာဏာရပြီးချိန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြောင့် အကြမ်းဖက်သမားတွေကို တားဆီး၊ ရှာဖွေရာမှာ အခက်တွေ့နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဝေဖန်သူတစ်ဦးကတော့ တပ်မတော်ဖြစ်ပြီး သြဂုတ် ၃၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဥပဒေပြင်ဆင်ချက်ကြောင့် အကြမ်းဖက်အဖွဲ့တွေဟာ ရခိုင်ပြည်နယ်အတွင်း ခိုအောင်းဖို့၊ အခြေခံ နယ်မြေ တည်ဆောက်ဖို့၊ အဲဒီကတစ်ဆင့် လွတ်မြောက်နယ်မြေ ထူထောင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့တယ်ဆိုတဲ့ သဘော တရားဝင် ထုတ်ပြောထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဗိုလ်ချုပ်သန်းထွဋ်သိန်းက “ဒီလိုဥပဒေပြဋ္ဌာန်းခြင်းကြောင့် ရပ်ကွက် ကျေးရွာအတွင်းမှာ ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် ယခုကဲ့သို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များ အလွယ်တကူနဲ့ အများအပြားစိမ့်ဝင်ခိုအောင်းလာနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်”လို့ နိုင်ငံခြားစစ်သံမှုးတွေနဲ့ သတင်းမီဒီယာတွေရဲ့ ရှေ့မှောက်မှာ ပြောကြားခဲ့တာပါ။

တပ်မတော်ဖက်က အဲဒီလို တရားဝင်ထုတ်ဖော်ဝေဖန်အပြီး နှစ်ရက်အကြာ သြဂုတ် ၃၁ ရက်နေ့မှာ နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလို ဖြေရှင်းခဲ့ပါတယ်။

“မဖမ်းရဘူး၊ မဆီးရဘူး၊ မရှာရဘူးလို့ ပြောတာမဟုတ်ဘူး။ . . . . . . . .လုပ်ခွင့်ရှိတယ်။ သို့သော် သက်သေပါရမယ်၊ ဒါပဲ ကျွန်တော်တို့ ပြဋ္ဌာန်းတာပါ”လို့ သူကဆိုတယ်။ ဒါ့အပြင် “ကျွန်တော်တို့ ပြင်လိုက်တာက လုံးဝ မစစ်ဆေးရဘူး။ မဖမ်းဆီးရဘူး။ မရှာဖွေရဘူး။ မဟုတ်ပါဘူး။ စနစ်တကျ အဖွဲ့နဲ့ လုပ်ဖို့ပါပဲ”လို့လည်း ဦးဝင်းမြင့်က နောက်တစ်ကြိမ် ထပ်ရှင်းခဲ့ပါသေးတယ်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဎ) မှာလည်း “တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ်ဥပစာနှင့် နေရာများကို လုံလောက်သော အကြောင်းပြချက်နှင့် အဖွဲ့ဖြင့် စနစ်တကျ ဝင်ရောက်စစ်ဆေးခြင်း” လို့ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။

ဒီလိုပြင်ဆင်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး NLD ပါတီဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းကို Frontier ကမေးမြန်းခဲ့ရာမှာတော့ တပ်မတော်အစိုးရလက်ထက်က ကြုံလေ့ရှိသလို အဖြစ်မျိုးတွေ ပြည်သူတွေ ထပ်မကြုံရဖို့ရည်ရွယ်တာလို့ ပြောပါတယ်။

“ဧည့်စာရင်းဆိုပြီး ဝင်လာ၊ အကြောင်းရှာစရာ မယ်မယ်ရရ မတွေ့တော့ အိမ်မှာကြည့်တဲ့ နိုင်ငံခြား ရုပ်ရှင်အခွေကို ရမယ်ရှာပြီး ဆင်ဆာမှုနဲ့ဖမ်း၊ ဒီအဖြစ်မျိုးတွေကို တားဆီးဖို့ပါ”လို့သူက ရှင်းပြပါတယ်။

ဒါ့အပြင် NLD လက်ထက်နောက်ဆုံးပြင်ဆင်ထားတဲ့ ဒီဥပဒေဟာ ဝေဖန်သူတွေပြောနေကြသလို ဧည့်စာရင်းတိုင်ကြားမှုကို လုံးဝ ပယ်ဖျက် ထားတာမျိုးမဟုတ်ပါဘူး။ သတ်မှတ်ကာလကျော်ရင် အကြောင်းကြားဖို့ပါဝင်တာကို တွေ့ရပါတယ်။

ပုဒ်မ ၁၇ မှာ “ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက် ကျော်လွန်၍ လာရောက်တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနဲ့ အညီ သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်”လို့ ပြဋ္ဌာန်းထားတာပါ။