ဟံသာဝတီလေဆိပ် သဘောတူညီချက် သက်တမ်းကုန်နေပြီဟု လုပ်ငန်းစုပြောကြား

သောမတ်စ် ကင်း(န်)

ပဲခူးတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန် လေဆိပ်ကြီးတည်ဆောက်မည့် အစိုးရ၏ အစီအစဉ်သည် နောက်ထပ် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဓိက သဘောတူညီချက်က သက်တမ်းကုန်လွန်သွားပြီဖြစ်သည်ဟု လေဆိပ်တည်ဆောက်ရန် ရွေးချယ်ခံထားရသည့် လုပ်ငန်းစု၏ အဖွဲ့ဝင်များက ထုတ်ဖော်ပြောကြားလိုက်ခြင်းကြောင့် ဖြစ်သည်။ 

မြို့ပြလေကြောင်းဦးစီးဌာနနှင့် လုပ်ငန်းစုတို့အကြား လက်မှတ်ရေးထိုးထားသည့် ကနဦး သဘောတူညီချက်မှာ သက်တမ်းကုန်သွားပြီဖြစ်ကာ “ပြဿနာအချို့အား မဖြေရှင်းနိုင်သေးသောကြောင့်” သက်တမ်းတိုးနိုင်ခြင်းမရှိသေးဟု စင်ကာပူတွင် မှတ်ပုံတင်ထားသော Yongnam Holdings ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘောတူညီချက်မှာ “ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား “အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို အခြေခံပြီး ဒီဇိုင်းထုတ်ရန်၊ တည်ဆောက်ရန်နှင့် စီမံခန့်ခွဲရန်” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကနဦးသဘောတူညီချက်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့်အချိန်က သက်တမ်းကုန်လွန်သွားသည်ဆိုသည်ကိုမူ သဲသဲကွဲကွဲ မသိရှိရသေးပေ။ ကနဦးသဘောတူညီချက်အား လက်မှတ်ရေးထိုးလိုက်ခြင်းအားဖြင့် လေဆိပ်တည်ဆောက်ရေး ကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်းအတွက် ဂျပန်နိုင်ငံမှ ချေးငွေရယူနိုင်စေရန် လမ်းပွင့်သွားစေသည်ဟု တာဝန်ရှိသူများက ထိုအချိန်က ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် ပြီးစီးမည်ဟု မူလက စီစဉ်ထားခဲ့သည့် စီမံကိန်းအတွက် ယခုနှောင့်နှေးမှုက နောက်ထပ် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် သြဂုတ်လက တင်ဒါအောင်မြင်ခဲ့သည့် တောင်ကိုရီးယားလုပ်ငန်းစုနှင် သဘောတူညီချက် ပြိုကွဲသွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်-စင်ကာပူလုပ်ငန်းစုကို လေဆိပ်တည်ဆောက်ရေးအတွက် ထပ်မံ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ်သည် ရန်ကုန်မြို့လယ်မှ အရှေ့မြောက်ဘက် ၈၀ ကီလိုမီတာ ကွာဝေးသည့် ပဲခူးမြို့အနီး မြေဧက ၉,၀၀၀ ပေါ်တွင် တည်ရှိသည်။

အဆိုပါလုပ်ငန်းစုတွင် ရှယ်ယာ ၅၅ ရာခိုင်နှုန်းရယူထားသည့် ဂျပန်နိုင်ငံမှ JCG ကော်ပိုရေးရှင်းနှင့် ရှယ်ယာ ၂၀ ရာခိုင်နှုန်းပါဝင်သည့် စင်ကာပူမှ Changi Airports Internations တို့လည်း ပါဝင်သည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက သတင်းဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar