သတင်းထောက်အချို့ကို တပ်မတော်က ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၂၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် အကြမ်းဖက်သောင်းကျန်းသူနှင့် ဆက်သွယ်ပြီး ပြန်လာသည့် သတင်းထောက်သုံးဦးအပါအဝင် စုစုပေါင်း လူ ၇ ဦးကို ဖမ်းဆီးထားသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ ညနေပိုင်းတွင်သတင်းထုတ်ပြန်သည်။

နမ့်ဆန်-သီပေါကားလမ်းတွင် တပ်မတော်စစ်ကြောင်းက လုံခြုံရေးဆောင်ရွက်နေစဉ် မွန်းလွဲပိုင်း၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် လိုင်စင်မဲ့ယာဉ်ဖြစ်နေခြင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေး ဆောင်ရွက်နေသည့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ဆက်သွယ်၍ ပြန်လာသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဖမ်းဆီးခံရသူများထဲတွင် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့ပါဝင်ပြီး လားရှိုးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း တပ်မတော်ဖက်က ဆိုသည်။

ဧရာဝတီနှင့် DVBသတင်းဌာနတာဝန်ရှိသူတို့ကမူ ၎င်းတို့၏ သတင်းထောက်များသည် အဆိုပါ ဒေသအတွင်း ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်း အနားသို့ သတင်းယူရန် သွားရောက်ကြခြင်းသာဖြစ်သည်ဟု Frontier ကိုပြောသည်။

“သတင်းထောက်က သတင်းထောက်အလုပ် သွားလုပ်တာဗျ။ သွားတာက TNLA က ဖိတ်တာ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ သတင်းလာယူဖို့ပါ။ သူပုန်နယ်မြေသွားတယ်ဆိုတာက ဒီအဖွဲ့က ၂၁ ပင်လုံတောင် လာတက်တဲ့အဖွဲ့ပဲလေဗျာ။ ဘာကြောင့် အခုမှ သူပုန်ဆက်သွယ်မှုဖြစ်ရတာလဲ”ဟု DVB သတင်းဌာန၏ မြန်မာပြည်ဗျူရို အကြီးအကဲ ဦးတိုးဇော်လတ်က ပြောသည်။

ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးကလည်း “ဆက်သွယ်တယ်ဆိုတာလည်း တစ်ခြားကိစ္စအတွက် ဆက်သွယ်တာမှမဟုတ်တာ။ သတင်းရေးဖို့ သတင်းထောက်တွေက ဆက်သွယ်နေရတာပဲ”ဟု ပြောသည်။

အဆိုပါသတင်းဌာနနှစ်ခုစလုံး၏ တာဝန်ရှိသူတို့က အခြေအနေများကို တိတိကျကျသိရှိရခြင်းမရှိသေးဟု ပြောကြပြီး လက်ရှိအနေအထားကိုမူ မြန်မာမီဒီယာလောကအတွက် စိန်ခေါ်မှုအဖြစ် ၎င်းတို့က ရှုမြင်ထားကြသည်။

ဦးတိုးဇော်လတ်က “သတင်းထောက် သတင်းထောက်အလုပ်လုပ်တာကို တစ်ခြားပုဒ်မတွေနဲ့တပ်ပြီး လုပ်လာမယ်ဆိုရင်တော့ ဒီဥစ္စာက မြန်မာသတင်းမီဒီယာ လောကအတွက် မကောင်းဘူး”ဟု ဆိုပြီး ဦးကျော်စွာမိုးက “သတင်းထောက်တွေအတွက် လုံခြုံမှုမရှိတဲ့ အနေအထားကိုတော့ တွေ့ရတာပေ့ါဗျာ” ဟု မှတ်ချက်ပြုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် တရားဝင်ထုတ်ပြန်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်ချုပ် အောင်ရဲဝင်းတို့ထံ ယင်းကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် Frontier က ကြိုးပမ်းသော်လည်း မရရှိသေးပေ။ ထို့အတူ လားရှိုး မြို့မရဲစခန်းထံသို့လည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar