သတင်းထောက်များကို ဖမ်းဆီးထားခြင်းမှာ တရားရေးကိစ္စသာဖြစ်- ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော်၊ ဇူလိုင် ၆

မကြာသေးမီက သတင်းထောက်များ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြစ်တင်ပြောဆိုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့ပြီး တရားစီရင်ရေးကဏ္ဍတွင် ၎င်းတို့အစိုးရက ဝင်ရောက် စွက်ဖက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr Børge Brende နှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံပြီးနောက် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။ အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်ပြီး “သတင်းထောက်တွေနဲ့ တပ်မတော်၊ တပ်မတော်နဲ့ သတင်းထောက်တွေပဲဆိုပြီး ကျဉ်းကျဉ်းလေးကိုသာ မကြည့်သင့်ပဲနဲ့ တည်ဆဲဥပဒေတွေက ကျွန်မတို့ လိုလားနေတဲ့ တရားမျှတမှုနဲ့ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အကယ်၍ ဥပဒေများက တရားမျှတမှုမရှိပါက ဥပဒေများကို ပြင်ဆင်ပြောင်းလဲရေးအတွက် ဥပဒေပြုရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်မတို့တရားရုံးတွေကလည်း ဂုဏ်သိက္ခာရှိရှိနဲ့ ရိုးသားဖြောင့်မတ်စွာ စီရင်ရဲ့လားဆိုတာကိုလည်း သေချာအောင် ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အကြမ်းဖက်သောင်းကျန်းသူနှင့် ဆက်သွယ်ပြီး ပြန်လာသည်ဟုဆိုကာ DVB သတင်းအေဂျင်စီမှ နှစ်ဦး၊ ဧရာဝတီသတင်းဌာနမှ တစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ဇွန် ၂၆ ရက်နေ့က နမ့်ဆန်-သီပေါကားလမ်း တစ်နေရာတွင် တပ်မတော်က ဖမ်းဆီးခဲ့သည်။

စတင်ဖမ်းဆီးသည့်နေ့က တပ်မတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါ သတင်းထောက်သုံးဦးအာ လားရှိုးမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း အပ်နှံထားသည်ဟု ပါဝင်သော်လည်း နှစ်ရက်နီးပါးရှိချိန် ဇွန် ၂၈ ရက် ညနေ ၄ နာရီအထိ ထိန်းသိမ်းခံထားရသည့် နေရာကို အတိအကျ မသိရဘဲ ဖြစ်နေခဲ့သေးသည်။

ထို့နောက်တွင်မှ ထိုသတင်းထောက်သုံးဦးအား သီပေါထောင်တွင် ထိန်းသိမ်းထားပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကြီးက Frontier ကို အတည်ပြုသည်။

အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပမှ ပြစ်တင် ဝေဖန်မှုများ ပေါ်ထွက်လာကာ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာကလည်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြသည်။

၎င်းတို့အား စွဲဆိုထားသည့် ပုဒ်မမှာ အနည်းဆုံးထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည်။

သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်က မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် ပတ်သက်သည့် မေးခွန်းများကိုသာ မေးမြန်းရန် ပြောကြားခြင်းဖြင့် တားဆီးရန်လည်း ကြိုးပမ်းခဲ့သည်။

သို့သော် ထိုကဲ့သို့ ဖမ်းဆီးမှုမှာ “တရားဥပဒေစိုးမိုးရေးနှင့် ကိုက်ညီမှုရှိသလား” ဟု သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “တရားဥပဒေစိုးမိုးရေးဆိုတာက ပထမဆုံးအနေနဲ့ ဥပဒေတွေက တရားမျှတဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးလို့ ကျွန်မတို့ ဆိုလိုတာက တရားဥပဒေစိုးမိုးရေး မဟုတ်ပါဘူး၊ တရားမျှတတဲ့ တရားဥပဒေစိုးမိုးရေးပါ။ ဒါကြောင့် ဥပဒေတွေက တရားမျှတမှုရှိတယ်ဆိုတာ သေချာအောင် ကျွန်မတို့ လုပ်ပါတယ်။ ဥပဒေတွေက တရားမျှတမှုမရှိဘူးလို့ ပြည်သူလူထုတွေက ခံစားလာရပြီဆိုရင် လွှတ်တော်ကနေ အဲဒီဥပဒေတွေကို ပြင်ဆင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဝေဖန်မှုများပေါ်ပေါက်နေသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်ပြီး ပြင်ဆင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေပြုရေးအဖွဲ့များက စဉ်းစားနေကြပြီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖမ်းဆီးခံထားရသည့် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်း အေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့သည် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားရာနယ်မြေအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ သတင်းယူရန် သွားရောက်ခြင်းသာဖြစ်သည်ဟု သက်ဆိုင်ရာသတင်းဌာနများက ထုတ်ဖော်ပြောဆိုထားသော်လည်း ၎င်းတို့မှာ ပုဒ်မ ၁၇(၁)ဖြင့် ချုပ်နှောင်ခံနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာဥပဒေကို ကိုးကားပြီး သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်ခြင်းဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရန် မသင့်ကြောင်းနှင့် လွှတ်ပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ မေတ္တာရပ်ခံပြီးနောက် နောက်တစ်ရက်တွင် ၎င်းတို့ကို အမှုဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

သီပေါတွင် ချုပ်နှောင်ထားသည့် ၎င်းတို့သုံးဦးအား ဇူလိုင် ၁၁ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်မည်ဖြစ်သည်။

၎င်းတို့ထံသွားရောက်တွေ့ဆုံခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ်၊ သီပေါမဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ဇွန် ၂၉ ရက်နေ့က တောင်းဆိုမှုကိုလည်း သီပေါအကျဉ်းထောင်က ပယ်ချခဲ့သည်။

သတင်းထောက်များ၏ မိဘများမှာ ရပ်ဝေးတွင် ရောက်ရှိနေသောကြောင့် ချက်ချင်းလာရောက်တွေ့ဆုံရန် အခက်အခဲရှိနေသဖြင့် ၎င်းတို့၏ မိဘများက ကိုယ်စားတွေ့ဆုံပေးရန် အကူအညီတောင်းခံလာသဖြင့် တွေ့ခွင့်ပေးရန် အသိပေး တောင်းခံအပ်ပါသည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နန်းစမ်းစမ်းအေးက သီပေါအကျဉ်းဦးစီးဌာန၊ ထောင်ပိုင်ကြီးထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

သို့သော် သီပေါထောင်၏ ပြန်စာတွင်မူ ထောင်ဝင်စာတွေ့ဆုံခြင်းအား မိသားစုဝင်မဟုတ်၍ ခွင့်မပြုကြောင်းနှင့် ပါဆည်ပစ္စည်းများသာ လက်ခံပေးမည်ဟု ဖော်ပြထားသည်။

ထွန်းခိုင်နှင့် စတိဗ် တစ်ခ်နာ ဖြည့်စွက်ရေးသားသည်။