ဝ မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်နေသည့် လာအိုကာစီနိုအား အမေရိကန် အရေးယူ

မြန်မာနိုင်ငံ ဝ ဒေသမှ ထွက်ရှိသည့် မူးယစ်ဆေးများအား တစ်ဆင့်ခံ သိုလှောင်ဖြန့်ဖြူးနေသည်ဟူသည့် လာအို ကာစီနိုတစ်ခုအား အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။

မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ထိစပ်နေသည့် ရွှေကြိဂံဒေသ၊ လာအိုဘက်ခြမ်းရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ထားသည့် Kings Romans Casino သည် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ကာကွယ်ထားသော တိရိစ္ဆာန်များအား တရားမဝင် ရောင်းဝယ်နေသည့် နေရာဖြစ်သည်ဟု အမေရိကန်က ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။

ကာစီနို၏ ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား Zhao Wei သည် “နိုင်ငံဖြတ်ကျော် မှုခင်းအဖွဲ့အစည်းများ” ကို ဦးဆောင်နေသည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားကြောင်းလည်း ဆက်လက် ရေးသားထားသည်။

Zhao Wei ၏ ရာဇဝတ်ကွန်ရက်သည် လူကုန်ကူးခြင်း၊ ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်မှုများကဲ့သို့ ဆိုးရွားသည့် တရားမဝင် လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေသည်ဟု ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဝ တပ်ဖွဲ့ (UWSA) က ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို အဆိုပါကာစီနိုတွင် သိုလှောင်ထားပြီး ငွေကြေးခဝါချရန်လည်း အဆိုပါကာစီနိုအား အသုံးပြုနေသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကစတင်ကာ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများ၌ ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ အဆိုပါကာစီနိုမှ စတင်မြစ်ဖျားခံနေသည်ကို တွေ့ရှိခဲ့သည်။

ကာစီနိုအား ပိုင်ဆိုင်သည့် Zhao Wei အုပ်စုသည် “လူကုန်ကူးမှုနှင့် ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်းများကို ခွင့်ပြုလုပ်ဆောင်နေသည်” ဟု ပြောကြားသည်။

ကာကွယ်စောင့်ရှောက်ထားသည့် မျိုးသုဉ်းလု တိရိစ္ဆာန်များဖြစ်သော ဝက်ဝံ၊ ကျားနှင့် သင်းခွေချပ်များကို ကာစီနိုရှိ စားသောက်ဆိုင်များတွင် စားသုံးနိုင်ရန် ရောင်းချနေသည်ကို တွေ့ရှိခဲ့သည်ဟုလည်း ကာစီနိုသို့ ရောက်ရှိခဲ့သည့် ဧည့်သည်များက ပြောကြားကြသည်။

သက်တမ်း ကိုးနှစ်ရှိပြီဖြစ်သည့် အဆိုပါကာစီနိုအား တရုတ်နိုင်ငံတောင်ပိုင်းမှ ဧည့်သည်များအား ဆွဲဆောင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆိုပါ Zhao Wei အဖွဲ့၏ အဓိက ပုဂ္ဂိုလ်များဖြစ်ကြသည့် Zhao Wei အပြင် တရုတ်နိုင်ငံသားနောက်တစ်ဦးဖြစ်သည့် Su Guiquin၊ သြစတြေးလျမှ Abbas Eberahim နှင့် ထိုင်းမှ Nat Rungtawankhiri တို့အား ဘဏ္ဍရေးဌာနက အရေးယူသည့် စာရင်းထဲတွင် ထည့်သွင်းခဲ့သည်။

အရေးယူမှုအရ အမေရိကန်ပြည်ထောင်စုရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားမည်ဖြစ်သလို အမေရိကန်နိုင်ငံသားများနှင့် လုပ်ငန်းများအား ၎င်းတို့နှင့် စီးပွားရေးမလုပ်စေရန် တားမြစ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar