ဝန်ထမ်းများ အစိုးရအပေါ် သစ္စာခံရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ မတ် ၁၈

မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ အစိုးရအပေါ် သစ္စာရှိရှိဖြင့် တာဝန်ထမ်းဆောင်ရန် အစိုးရဝန်ထမ်းများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

မတ် ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ် (၇၀) ပြည့်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။

“ဝန်ထမ်းဆိုတာ (မိမိတို့က) ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ပြည်သူလူထုက ရွေးချယ်တင် မြှောက်လိုက်တဲ့ အစိုးရအတွက် လုပ်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီနည်းအရဆိုလို့ရှိရင် ရွေးကောက်ပွဲတွေမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။ ကိုယ်ထောက်ခံချင်တဲ့ ပါတီကို ထောက်ခံလို့ရတယ်။ သို့သော်ငြားလည်း ဒီရွေးကောက်ပွဲပြီးလို့ တက်လာတဲ့အစိုးရအပေါ်မှာ သစ္စာရှိရှိနဲ့ အလုပ်လုပ်ရမှာ ဝန်ထမ်းတိုင်းရဲ့ တာဝန်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါ့ကြောင့် ကျွန်မက ဝန်ထမ်းများဟာ အစိုးရခိုင်းတိုင်း လုပ်တယ်ဆိုတာကို အပြစ်လို့မမြင်ပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ဝန်ထမ်းများအနေဖြင့် နိုင်ငံအပေါ်တွင် အမှန်တကယ် သစ္စာရှိပါက ပြောသင့်ပြောထိုက်သည့် ကိစ္စများ၊ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စများကို ပြောရဲ၊လုပ်ရဲရမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်

“ဥပမာဆိုလို့ရှိရင် အထက်လူကြီးက ဘာခိုင်းခိုင်း လုပ်တယ်ဆိုတာဟာ အမိန့်နာခံတာက တစ်ပိုင်း၊ မှားမှန်းသိရဲ့သားနဲ့ ငါမထိပြီးရော သူတို့ဘာသာသူတို့ လုပ်ချင်တာလုပ်ပါစေဆိုပြီးတော့ လုပ်တာမျိုး၊ အဲဒီဟာကတစ်ပိုင်းပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အဲဒီတော့ ဌာနတစ်ခုဟာ မှန်မှန်ကန်ကန် ထမ်းဆောင်ကြမယ်။ ကိုယ့်ရဲ့ နိုင်ငံအပေါ်မှာရှိတဲ့ တာဝန်ကို ထမ်းဆောင်ကြမယ်ဆိုလို့ရှိရင် ကျွန်မတို့အချင်းချင်း လှည့်ဖျားမှုမရှိရဘူး။ ဖြူစင်ရမယ်။ ဖြောင့်မတ်ရမယ်၊ လူကြီးကလည်း လူငယ်ကို မမှန်တာကို မခိုင်းရဘူး။ မမှန်တာကို မပြောရဘူး။ လူငယ်ကလည်း လူကြီးကို မမှန်တာကို မပြောရဘူး။ မမှန်တာ လုပ်နေတာကိုလည်း လုပ်နေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင် မနေရဘူး။ အရဲစွန့်ပြီးတော့ ပြောသင့်တာတော့ ပြောရမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ခေတ်ကာလ၏ လိုအပ်ချက်အရ လူငယ်များက ၎င်းတို့၏ အမြင်များကို မှန်မှန်ကန်ကန်နည်းလမ်းဖြင့် တင်ပြနိုင်ရန်အတွက် လူကြီးများက လမ်းကြောင်းများ ဖွင့်ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။

“ဒါကတော့ လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် အစိုးရဌာနအသီးသီး တိုးတက်ရေးအတွက် ခေတ်နှင့် ညီသည့် လုပ်နည်းလုပ်ထုံးများကို အားလုံးဝိုင်းဝန်း ပြုစုပျိုးထောင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar