လေယာဉ်နှင့်အတူ ပျောက်ဆုံးနေသူထက်ဝက်ခန့်၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ

ရန်ကုန်၊ ဇွန် ၁၂

ပြီးခဲ့သည့် ခြောက်ရက်က ပျောက်ဆုံးသွားသည့် တပ်မတော်ကုန်တင်လေယာဉ်ပေါ်တွင် ပါဝင်သွားသူ ထက်ဝက်ကျော်၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။

ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ထုတ်ပြန်ချက်အရ ရုပ်အလောင်း ၇၆ လောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်ဟု ဆိုသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားသည့် Y8 အမျိုးအစား တပ်မတော် ကုန်တင်လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာစဉ် ထားဝယ်မြို့အနီး၌ ဇွန် ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်ပါရှိသွားသူများအနက် ထက်ဝက်ခန့်မှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြသည်။ တပ်မတော်က ထုတ်ပြန်သည့် စာရင်းများအရ လေယာဉ်ပေါ်တွင် ကလေးငယ် ၁၅ ဦးပါဝင်သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ပျက်ကျလေယာဉ်ကိုလည်း ဆိုနာစနစ်တပ်ဆင်ထားသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာဖြန့်ခွဲ ရှာဖွေလျက်ရှိသည်ဟုဆိုသည်။

လေယာဉ်ပျက်အား ရှာဖွေသည့်လုပ်ငန်းများကို လေယာဉ်၊ ရေယာဉ်၊ လူပစ္စည်း၊ ယန္တရားအင်အားများ ရာခိုင်နှုန်းပြည့် သုံးစွဲ၍ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေပြီး လုံးဝမမျှော်လင့်ထားသည့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်တစ်ရပ်လုံး များစွာခံစားရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

ဆိုးရွားသည့်ရာသီဥတုအတွင်း ခက်ခက်ခဲခဲဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မိမိနိုင်ငံ ပိုင်နက်အတွင်း ပျက်ကျခြင်း၊ အထောက်အထားတစ်ချို့ ရရှိနေခြင်းတို့ကြောင့် မကြာမီ ပျက်ကျလေယာဉ်အား ရှာဖွေတွေ့ ရှိနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံထုတ် Y8 လေယာဉ်များသည့် စစ်ဘက်နှင့် အရပ်ဘက်သုံး ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ကာ တာဘိုအင်ဂျင်လေးလုံး တပ်ဆင်ထားပြီး မြန်မာ့လေတပ်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အသုံးပြုနေသည်။

ယခု ပျောက်ဆုံးသွားသည့် Y8 200 F လေယာဉ်အမှတ် ၅၈၂၀ မှာ မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်း အသုံးပြုခဲ့ပြီးဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်အား မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် တရုတ်နိုင်ငံပိုင် China National Aero-Technology Import and Export က လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar