ရခိုင်ပြည်နယ်တွင် ဆိုးရွားသည့် လူအခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး လူမျိုးစုအလိုက်ရှင်းလင်းမှု ဆောင်ရွက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာတပ်မတော် အရာရှိကြီးသုံးဦး၊ ရဲအရာကြီးတစ်ဦးနှင့် တပ်မတော် တပ်မနှစ်ခုအား ဒဏ်ခတ်အရေးယူမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက သြဂုတ် ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။
ဒဏ်ခတ်အရေးယူခံရသူများတွင် တပ်မတော် အမှတ် ၃၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးချုပ် သူရစန်းလွင်၊ တပ်မ ၉၉ ၏ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်ခင်လှိုင်တို့ ပါဝင်သည်။ ထို့ပြင် တပ်မတော် တပ်မ ၉၉ နှင့် တပ်မ ၃၃ တို့လည်း ဒဏ်ခတ်အရေးယူမည့်စာရင်းတွင် ပါဝင်သည်။
အဆိုပါအရာရှိကြီးများသည် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ လူနည်းစုတိုင်းရင်းသားများအပေါ် ရက်စက်ကြမ်းတမ်းသည့် စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ဦးဆောင်ခဲ့သည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားသည်။
“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ လူမျိုးစုအလိုက်ရှင်းလင်းမှု၊ အစုလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ တရားမဲ့သတ်ဖြတ်မှုနဲ့ အခြားသော ဆိုးရွားလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာထောက်လှမ်းရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Sigal Mandelker က ကြေညာချက်ထဲတွင် ပြောကြားထားသည်။
တစ်ဦးတစ်ယောက်ချင်းစီအပေါ် ချမှတ်သည့် ဒဏ်ခတ်အရေးယူမှုများသည် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တိုင်းရင်းသားနှင့် ဘာသာရေးအရ လူနည်းစုများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် အနိုင်အထက်ပြုခြင်းများ မလုပ်ကြရန် သတိပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် ရခိုင်ပြည်နယ်တွင် လူပေါင်း ခုနစ်သိန်းခန့်အား ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးစေခဲ့သည့် စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သည်ဟု အမေရိကန်အစိုးရက ပြောကြားသည်။ ၎င်းအား ပြီးခဲ့သည့် မတ်လကတည်းက တာဝန်ထမ်းဆောင်ခွင့် ရပ်နားထားပြီးဖြစ်သည်ဟုလည်း တပ်မတော်က ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးချုပ် ခင်မောင်စိုးမှာမူ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၇ ရက်နေ့က မောင်နုရွာတွင် ရိုဟင်ဂျာများအား အစုလိုက်သတ်ဖြတ်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန်က ပြောကြားသည်။ အဆိုပါနေရာတွင် စစ်သားများက ရိုဟင်ဂျာရွာသား ဒါဇင်နှင့်ချီကာ သတ်ဖြတ်ခြင်း၊ သို့မဟုတ် ရိုက်နှက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်ဟုဆိုသည်။
ရဲမှူးချုပ် သူရစန်းလွင်မှာမူ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ တရားမဲ့သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနှင့် တိုက်ခိုက်ခြင်းများအတွက် တာဝန်ရှိသူဖြစ်သည်ဟု စွပ်စွဲထားသည်။
ပြီးခဲ့သည့်ဇွန်လတွင် ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့က ချမှတ်ခဲ့သည့် ဒဏ်ခတ်အရေးမှုစာရင်းတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့် ရဲမှူးချုပ် သူရစန်းလွင်တို့ ပါဝင်ခဲ့သည်။
ဗိုလ်မှူးချုပ်ခင်လှိုင်မှာမူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် လူနည်းစုတိုင်းရင်းသားအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူခံရခြင်းဖြစ်သည်။